မန္တလေးတိုင်းအတွင်း အရက်ခွန်များတိုးကောက်မည်

မန္တလေးတိုင်းအတွင်း အရက်ခွန်များတိုးကောက်မည်

မန္တလေး၊ မေ ၂၅ ။  ။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အရက်သောက်သုံးသူ လျော့နည်းစေရန်အတွက် အခွန်များ တိုးမြင့်ကောက်ခံရန် စီစဉ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကပြောသည်။

"လူငယ်တွေဟာ အရက်သောက်လို့ အသက် ၄၀ ကို မကျော်လိုက်ဘူး။ သေတာများတယ်။ ဒါကြောင့် အရက်တစ်ပုလင်းကို သုံးသောင်းတန်တယ်ထားပါတော့ နှစ်ရာ ရာခိုင်နှုန်းအခွန်ကောက်ခိုင်းမယ်ဆိုလို့ရှိရင် သုံးသောင်းတန်ဟာ ၆သောင်း၊ ၇ သောင်းလောက်ဖြစ်သွားမယ်။ ကျွန်တော်ပြောချင်တာက အခွန်ကို ပိုပြီးကောက်စေချင်တာပေါ့။ ပြီးရင် ၁၈ နှစ်မပြည့်ရင် မရောင်းရဘူးဆိုတဲ့ ဥပဒေလည်းရှိတယ်။ ဒါကို တကယ်လက်ခံလား ဆိုတာ ကြည့်ရမယ်။" ဟု ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အရက်ဆိုင်များပေါများခြင်းနှင့် ပတ်သက်၍လည်း လိုင်စင်ရှိမရှိ စစ်ဆေးကာ လိုင်စင်အသစ်များလည်း ထပ်ချပေးမည် မဟုတ်တော့ကြောင်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

"ယစ်မျိုးဘက်ကတော့ ဘယ်သူ့မှလိုင်စင်ချမပေးတော့ဘူးလို့ပြောတယ်။ ဒါပေမယ့် အရက်ဆိုင်တွေက တိုးနေတယ်။ဒါဘာဖြစ်လို့လဲမေးတော့ အရင်ရှိပြီးသားလူတွေက လိုင်စင်တွေပြန်ရောင်းကြတာတဲ့ သူက မလုပ်တော့ဘူးဆိုပြီး ရောင်းလိုက်တယ်။ ဒါပေမယ့်မဟုတ်ပါဘူး။ သူတို့ကလည်း ဆက်ပြီးရောင်းတယ်။ ဆိုတော့ ဒါတွေကို စိစစ်ဖို့လိုပါတယ်။"ဟု ဒေါက်တာ ဇော်မြင့်မောင် ကပြောသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က အရက်များကို FDA ဖြင့် အရက်စစ်မစစ်နှင့် အရက်ထဲတွင် ရောနှောထားမှုရှိမရှိတို့ကိုလည်း စစ်ဆေးသွားမည်ဟုဆိုသည်။ လူငယ်တစ်ချို့မှာ ဈေးပေါပေါဖြင့် ရရှိသော အရက်များကိုသုံးစွဲခြင်းကြောင့် အသက်အန္တရာယ်ဖြစ်နေ၍ စစ်ဆေးရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly