"ပုသိမ်ကြီးမြို့နယ်ရှိ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံတောင်သူများ ပြန်လွှတ်ပေးရေး တောင်းဆို"

"ပုသိမ်ကြီးမြို့နယ်ရှိ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံတောင်သူများ ပြန်လွှတ်ပေးရေး တောင်းဆို"

မန္တလေး၊မေ ၂၄ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သိမ်းဆည်ခံလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံတောင်သူများ ပြန်လည်လွှတ်ပေးရန်အတွက် မေလ ၂၄ ရက်၊နံနက် ၉ နာရီ ၁၅ မိနစ်က ၆၂လမ်း၊၃၄လမ်းနှင့် ၃၅လမ်းကြားတွင် ဒေသခံ ၅၀ ဦးခန့်က ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

အဆိုပါလယ်ယာမြေဧက ၂၀၀၀ကျော်ကို ၁၉၉၅ခုနှစ်က စည်ပင်သာယာရေးကော်မတီက ရေတံခွန်တောင်ဂေါက်ကွင်း တည်ဆောက်ရန်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့က စစ်မှုထမ်းဟောင်းများ သင်တန်းကျောင်းတည်ဆောက်ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းများကို အမှန်တကယ်အသုံးပြုထားသောဧကမှာ ၅၀၀ ခန့်သာရှိသောကြောင့် ပိုလျှံသော လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ၂၀၁၂ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်ကို စာတင်တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အကြောင်းမထူးခဲ့သောကြောင့် ၂၀၁၄ခုနှစ်နှင့်၂၀၁၅ခုနှစ်တို့တွင် ဒေသခံတောင်သူများမှ ထွန်တုံးတိုက်ပွဲဝင်၍ လယ်ယာမြေများကို ပြန်လည်သိမ်းခဲ့ကြသည်။

ထိုသို့ ဦးဆောင်၍ ထွန်းတုံးတိုက်ပွဲပြုလုပ်သူဒေသခံ ၅ ဦးနှင့်ကူညီဆောင်ရွက်သူ တစ်ဦးတို့ကို စည်ပင်သာယာရေးကော်မတီနှင့်စစ်မှုထမ်းဟောင်းအဖွဲ့တို့က ပုဒ်မ ၆၁၊ပုဒ်မ ၄၂၇၊၄၄၇ တို့ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သော ဦးအေးသိန်းက "မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း လက်ထက်က နိုင်ငံပိုင် ပစ္စည်းအလွဲသုံးစားလုပ်မှုနဲ့ ပုဒ်မ (၆၁)၊ ပြီးတော့ ၄၄၇၊၄၂၇နဲ့ တောင်သူလယ်သမားအရေးဆောင်ရွက်သူ ကိုမျိုးဝင်းနဲ့ တောင်သူ(၅)ဦးကို တရားစွဲဆိုခဲ့တယ်၊ တရားဥပဒေကို မထင်မဲ့မြင်လုပ်၊ ခုတုံလုပ်ပြီး တရားစွဲဆိုထားတာတွေကို လက်ရှိ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြန်လည်ချေဖျက်ပေးလို့ရတာကို ချေဖျက်မပေးဘူး၊ ဒီကိစ္စတွေကို သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သိစေချင်လို့ အခုလို ဆန္ဒပြ တောင်းဆိုတာပါ '' ဟု ပြောသည်။

ဆက်လက်၍ ဦးအေးသိန်းက "အနိုင်ကျင့် သိမ်းဆည်းခံရတုန်းက မြေယာလျော်ကြေး၊ မြေယာအစားထိုးပေးခဲ့တာ မရှိခဲ့ဘူး၊ မတရားမှုတွေပဲ ရလိုက်တယ်၊ အခုလို ဆန္ဒပြတောင်းဆိုနေတာက ပြည်သူအစိုးရကို ပုတ်ခတ်နေတာ မဟုတ်ဘူး၊ တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ပြည်သူအစိုးရရဲ့ တာဝန်ရှိသူတွေက တာဝန်ရှိသလောက် လိုက်မလုပ်ပဲ၊ အမွေဆိုးတွေကို ဆက်ခံပြီး ခေါင်းညိတ်နေတဲ့ ပြဿနာကို ဒီအတိုင်း ကြည့်နေလို့ မရဘူး၊ဒါကြောင့် ဆန္ဒပြပြီး မီးမောင်းထိုးပြနေတာပါ'' ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် လယ်မြေ ၁၂ ဧကသိမ်းဆည်းခံခဲ့ရသူ ဦးမြင့်ဝင်းက "လက်ရှိ အစိုးရက လူထုအစိုးရ၊ ပြည်သူ အစိုးရဖြစ်တယ်၊ ပြည်သူအစိုးရဖြစ်တဲ့အတွက် ပြည်သူတွေကို မတရားမှုတွေ အနိုင်ကျင့်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းမှသာလျှင် ပြည်သူအစိုးရကို ပြည်သူတွေက ယုံကြည်မှုတွေ ပိုပြီး ရှိလာမှာပါ '' ဟုပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် "ရေတံခွန်တောင် ဂေါက်ကွင်းမြေ ဘယ်သူမြေလဲ (ငါတို့မြေ)၊ ဒီနေရာ ဘယ်သူမြေလဲ (ငါတို့မြေ)၊ မန္တလေးမြို့တော်စည်ပင်သာယာရေးမြေဆိုတာ ဟုတ်သလား (မဟုတ်ဘူး)၊ ဦးမျိုးဝင်းကို ဥပဒေမဲ့စွာ အရေးယူခြင်းကို (အလိုမရှိ)၊ တောင်သူလယ်သမားများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုနေခြင်းအား (ဖျက်သိမ်းပေး)၊ တရားဥပဒေမဲ့စွာ တရားစီရင်နေသော ဥပဒေပုဒ်မများအား (ဖျက်သိမ်းပေး)၊ လူအခွင့်အရေး ဆုံးရှုံးခံရသူ ဦးမျိုးဝင်း (အမြန်ဆုံး လွှတ်)၊ တရားဥပဒေစိုးမိုးရေး (ဒို့အရေး)ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly