စပိန်တွင် အသား စားသုံးခြင်းကို ကန့်ကွက်သည့့် တက်ကြွလှုပ်ရှားသူများက သွေးအလိမ်းလိမ်းပေကျံနေသော ထုတ်ပိုးအသားဘူးများပုံစံ ပုံဖော်ကာ ဆန္ဒထုတ်ဖော်

စပိန်တွင် အသား စားသုံးခြင်းကို ကန့်ကွက်သည့့် တက်ကြွလှုပ်ရှားသူများက သွေးအလိမ်းလိမ်းပေကျံနေသော ထုတ်ပိုးအသားဘူးများပုံစံ ပုံဖော်ကာ ဆန္ဒထုတ်ဖော်

မေ ၂၅ ။               ။ စပိန်နိုင်ငံတွင် တိရိစ္ဆာန် အသားများကို ထုတ်လုပ်ခြင်းနှင့် စားသုံးခြင်းအပေါ် ရှုတ်ချသည့်အနေဖြင့် သက်သက်လွတ်သမား တက်ကြွလှုပ်ရှားသူ အယောက်နှစ်ဆယ်သည် အဝတ်ဗလာဖြင့် သွေးအလိမ်းလိမ်း သုတ်လိမ်းကာ အသားဘူးများပုံစံ ပုံဖော်သည့် လမ်းဘေး ထုတ်ဖော်ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထုတ်ပိုးအသားဘူးများ ပုံစံအတိုင်း ၎င်းတက်ကြွလှုပ်ရှားသူများက ပလက်စတစ်အကြည်ဖြင့် ထုတ်ပိုးထားသော လူခန္ဒာကိုယ်အတိုင်းအတာရှိ ပုံစံခွက်ထဲတွင် သွေးအလိမ်းလိမ်းဖြင့် ကိုယ်တိုင်ဝင်ရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့၏ Sant Jaume ဈေးတွင် လုပ်ဆောင်ခဲ့သော အဆိုပါ အသားစားသုံးမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် စပိန်တိရိစ္တာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ AnimaNaturalis မှ အဖွဲ့သားများ ပါဝင်ခဲ့ကြပြီး အထက်ပါ ပုံစံအတိုင်း သဏ္ဍာန်လုပ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတွင် အသားမပါသော အစားအသောက်များ၏ ကောင်းကျိုးများနှင့် ပတ်သက်၍ လူအများကို သိရှိစေလိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာမြို့သည်လည်း နိုင်ငံတွင် ပထမဆုံးသော ဟင်းသီးဟင်းရွက် အဓိကစားသုံးသည့် မြို့အဖြစ် အမည်တပ်ကြောင်း ကြေညာခဲ့သော်လည်း ယင်းခေါင်းစဉ်နှင့်လိုက်ဖက်အောင် ကျင့်သုံးနိုင်ခြင်းမရှိခဲ့၍ ယခုကဲ့သို့ ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

" တိရိစ္ဆာန် အသားစားလို့ ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး နဲ့ လူ့ကျင့်ဝတ် ဆိုင်ရာ ရှုပ်ထွေးမှုတွေဟာ ကျွန်တော်တို့ လျစ်လျူရှုလို့ မရတော့တဲ့ ကိစ္စဖြစ်နေပါပြီ၊ တိရိစ္တာန် ထုတ်ကုန်မပါတဲ့ အစားအသောက်တွေ ကျင့်သုံးစားသောက်ရေးအတွက် ဒီကအာဏာပိုင်တွေ အကောင်အထည်ဖော်ပေးမယ်လု့ိတော့ မျှော်လင့်ပါတယ်" ဟု AnimaNaturalis အဖွဲ့မှ ဒါရိုက်တာ အီဒါ ဂက်စ်ကွန်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly