သစ်ပင်တွေကိုချစ်တဲ့ I Love Myanmar အဖွဲ့ထူထောင်သူ မလီဗီဆပ်နိုင်ထန်း

25 May 2016
သစ်ပင်တွေကိုချစ်တဲ့ I Love Myanmar အဖွဲ့ထူထောင်သူ မလီဗီဆပ်နိုင်ထန်း

သူ့ရဲ့ မွေးရပ်ဇာတိ ချင်းတောင်တန်းပေါ်မှာ ချယ်ရီပင်တွေနဲ့ ကျွန်းပင်တွေ စိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ချင်းအမျိုးသမီး မလီဗီဆပ်နိုင်ထန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူဟာ I Love Myanmar  လူမှုအဖွဲ့တစ်ခုကို ထူထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဘယ်တုန်းက ဘာ့ကြောင့်ထူထောင်ခဲ့တယ်ဆိုတာ သူက အခုလို ရှင်းပြပါတယ်။

မင်္ဂလာပါ မလီဗီ။ အစ်မ နာမည်ကို ပြောလိုက်တာနဲ့ I Love Myanmar နဲ့ အစ်မနဲ့က အမြဲတမ်းယှဉ်တွဲ မြင်နေကြဆိုတော့ ပထမဦးဆုံး မေးချင်တာက အင်နာနက် အွန်လိုင်းပေါ်မှာ I Love Myanmar  Page ကို ဘာကြောင့် ထောင်ဖြစ်တယ်။ ဘယ်အချိန်ကတည်းက စပြီးတော့ လုပ်ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးပါရှင့်။

“အစတုန်းကတော့  Love Myanmar နဲ့စခဲ့တာပါ။ စပေါ်လာတာက ပြည်ပကို ထွက်ခွာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်။ ၁၉၉၇/၉၈/၉၉ ပြီးတော့ ၂၀၀၀ ခုနှစ်မှာ  Love Myanmar ဆိုပြီးတော့ စလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပမှာ အနေများတယ်။ ကျောင်းသွားတက်လိုက်တယ်။ ကျောင်းတက်ပြီးတဲ့အခါမှာလည်း အလုပ်လည်း ဆက်လုပ်ရင်းနဲ့ အခုချိန်ထိ ကျွန်မဟာ မြန်မာနိုင်ငံသားပေါ့။ ပြည်ပ နိုင်ငံသား မခံယူထားပါဘူး။ ကျွန်မ နေခဲ့တာ ချင်းပြည်မှာလည်း နေတယ်။ မြေပြန့်မှာ ရန်ကုန်မှာ အနေပိုများတဲ့အခါ အစားအသောက် အစုံ ပေါ့နော်။ မြန်မာပြည် တိုင်းရင်းသား အစားသောက် ရန်ကုန်အစားသောက် အဲတာတွေ သတိရတာပေါ့နော်။ အဲဒီအခါမှာ မြန်မာပြည်ကို သတိရတဲ့အနေနဲ့ ၂၀၀၀ ခုနှစ်မှာ Love Myanmar ဆိုပြီး စလိုက်တယ်။ နောက်ပိုင်း ၂၀၀၄ ခုနှစ်လောက်မှာ Ko Ko Group ဆိုတာ ရှိတယ်။ အရင်က ဖေ့ဘုတ် မရှိဘူးလေ။ အဲ Group  မှာကြတော့ I Love Myanmar ဆိုပြီးတော့ I  ကို ထပ်ထည့်လိုက်တယ်။

၂၀၀၇ ခုနှစ်လောက်မှာ ဖေ့ဘုတ်ပေါ်လာတဲ့ အခါကြတော့ ဖေ့ဘုတ်မှာ I Love Myanmar ဆိုပြီးတော့ Page  ကို စလိုက်တာပေါ့နော်။ အဲမတိုင်ခင်မှာလည်း ဝက်ဆိုဒ် Love Myanmar.com ပေါ့နော်။ နောက်ပိုင်းတော့ I Love Myanmar နာမည်နဲ့ အလှူအတန်းတွေ လုပ်လာတဲ့ အခါကြတော့ I love myanmar.org  ဆိုပြီးတော့ အဖွဲ့အစည်းလိုမျိုးနဲ့ ကျွန်မနာမည် တစ်ဦးတည်း နာမည် မထွက်ချင်လို့ပေါ့နော်။ jobs.un.org ကို စခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံသားတွေ ပြည်ပရောက်တဲ့ သူတွေ ကိုယ့်နိုင်ငံသားတွေကို အဲဒီနာမည်နဲ့ နှိုးဆော်ချင်တယ်။ ကျွန်မရဲ့ တကယ့်နှစ်လုံးသားထဲမှာ မြန်မာပြည်ကို ချစ်တဲ့အကြောင်းကိုလည်း တစ်ခြားသူတွေကိုလည်း ကိုယ့်နိုင်ငံကို ချစ်ပါပေါ့နော်။ အဲဒီအတောtတွင်းမှာ ပြည်ပကို ထွက်ခွာသွားကြပေမယ့်လည်း ကိုယ့်နိုင်ငံကို မမေ့ကြနဲ့ အချိန်တန်ရင် ပြန်လာပါပေါ့”

နောက်ပိုင်းမှာ ပရဟိတ လှုပ်ရှားမှုလေးတွေက I Love Myanmar နဲ့ ဒွန်တွဲလာတာ ညီမတို့ တွေ့လာရတယ်။ အဲဒီတော့ ပရဟိတ အလုပ်တွေအနေနဲ့ ဆက်ပြီးတော့ လုပ်ဖြစ်လာတဲ့ အပိုင်းလေးတွေလည်း ပြောပြပေးပါအုံးနော်။

“အဲဒါက ဒီအသက်ကြီးလာမှ လုပ်တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒီဟာက ငယ်စဉ်ကတည်းက ကျွန်မနှစ်လုံးသားထဲမှာ တည်နေခဲ့တဲ့ စိတ်ဓာတ်လေးပေါ့။ တစ်ချို့ကတော့ ဘယ်လောက်လှူတယ်ဆိုတဲ့ အပေါ်မှာ တိုင်းတာပြီးတော့ ပရဟိတ စိတ်ကောင်းရှိတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျွန်မကတော့ များများလှူသည်ဖြစ်စေ နည်းနည ်းလှူသည်ဖြစ်စေ ရှိတာလေးကို လှူတာဟာဒါလှူချင်တဲ့စိတ်က အဓိက ပေါ့”

အစ်မ ဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတ လှုမှုရေးလုပ်ငန်းလေးတွေရှိပါတယ်။ အဲဒီအထဲမှာမှ အစ်မ မှတ်မှတ်ရရ ပြန်ပြီးပြောရလောက်တဲ့ အစ်မစိတ်ထဲမှာ အမြဲတမ်းစွဲနေတာ ရှိရင် ပြောပြပေးပါ။

“ကျွန်မ နယ်တွေသွားတဲ့ အခါမှာ ကျွန်မ အိမ်တွေလှူတဲ့နေရာတွေ ရှိတယ်။ ကျောင်းတွေ လှူတဲ့ နေရာတွေ ရှိတယ်။ ကျောင်းဖွင့်ပွဲ အိမ်ဖွင့်ပွဲတို့ထက် ကျွန်မ အဲဒီနေရာလေးတွေ သွားလို့ အိမ်တွေ လှူခဲ့တာကလည်း အိမ်က ထောင်ချီ ရှိတဲ့ အခါကြတော့ ဘယ်သူက ဘယ်သူရသွားတယ်ဆိုတာတောင် အားလုံးကို မသိနိုင်ဘူး။ ဒါပေမယ့် ကျွန်မ နယ်တွေ သွားရင်း လာရင်းနဲ့ ကျွန်မကို လာနှုတ်ဆက်ကြတယ်။ ကျွန်မ လှူခဲ့တဲ့အိမ်မှာ နေရပါတယ်ပေါ့နော်။ ကျွန်မ မသိရေပေမယ့်လည်း ကျွန်မကို သူတို့ ပြန်ပေးနိုင်တာဟာတဲ့ လမ်းဘေးက အရိုင်းပန်းလေးတွေ အဲတာလေးတွေကို သူတို့က ကျွန်မကို ခူးပြီးတော့ ပေးလေ့ရှိတယ်။ အဲဒီ လမ်ဘေးအရိုင်းပန်းလေးတွေ ပြန်ပေးခဲ့တာဟာ မေ့လို့မရဘူး၊ ကျွန်မကတော့ သူတို့ဘက်က ဘာမှ မမျှော်လင့်ပါဘူး “

ဟုတ်ကဲ့ပါ အစ်မ။ ဒါနဲ့ အစ်မ ချင်းပြည်နယ်မှာ ချယ်ရီပင်တွေ စိုက်တာ ပြီးတော့ ကျွန်းပင်တွေ စိုက်တာ ရှိတယ်နော်။ အဲတာက ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စိုက်ဖြစ်သွားတာလဲ။ ဘယ်ကာလ လောက်က အစ်မ စစိုက်ခဲ့တာလဲ။

“ချယ်ရီပင်စိုက်တာ အရင်ပြောမယ်နော်။ ချယ်ရီပင်ကို ၂၀၀၈ ခုနှစ်လောက်မှာ စစိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မ ဘိုကလေးကနေ ပြန်လာတယ်။ ပြန်လာတော့ ချင်းပြည်နယ်ကို သွားလိုက်တယ်။ နှစ်ရက် သုံးရက်အတွင်း ဘိုကလေးက ပြန်လာတဲ့အခါမှာ သမီးလေးက အအေးမိလာတယ်ပေါ့။ ဒါပေမယ့် ကလေးဆိုတော့ သိပ်မသိဘူး။ ဘိုကလေးဆိုတော့ ရန်ကုန်နဲ့နီးလို့ ကျွန်မက ကားနဲ့ ခေါ်သွားတာ။ ဒါပေမယ့် ချင်းပြည်နယ်သွားမှာက လမ်းခရီးခက်ခဲလို့ တစ်ရက်နှစ်ရက်ပဲ သွားမှာဆိုတော့ မခေါ်သွားဘူး။ အဲဒီအချိန်လေးမှာ ရန်ကုန်မှာ အအေးမိရာက အဆိပ်တက်တာပေါ့နော်။ အဲတာနဲ့ ကျွန်မ ချက်ချင်းပြန်လာတယ်။ ချင်းပြည်မှာ တစ်ညတောင် မအိပ်လိုက်ရဘူး။ ညတွင်းခြင်းပြန်လာတယ်။ သွားတဲ့နေမှာပဲ။ ပြန်လာတဲ့ အချိန်မှာ ကျွန်မကို ဖုန်းနဲ့ပေါ့နော်။ သမီးလေးကတော့ ဒီအချိန်မှာ လုံးဝ အသက်မရှူတော့ဘူး ဆုံးပြီဆိုတာ တရားဝင် အကြောင်းကြားတဲ့ နေရာမှာ ကျွန်မက ချယ်ရီပင်စိုက်ဖို့ ရွေးလိုက်တာပါ။ တကယ်က ကျွန်မက ချင်းပြည်နယ်မှာ ချယ်ရီပင် မတုံးစေချင်တာ မှန်ပါတယ်။ လုပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ဘူးပေါ့နော်။ သမီးလေး ဆုံးတယ်လို့ သတင်းကြားတဲ့ အချိန်မှာ ရှိနေခဲ့တဲ့နေရာ လမ်းမရဲ့ အထက်ကို ရွေးလိုက်ပြီးတော့ ချယ်ရီပင် ဧက ၂၀၀ ကျော် စိုက်လိုက်တာပါ”

ဟုတ်ကဲ့ပါရှင့်။ ဒီတော့ ကျွန်းသစ်စိုက်ဖြစ်သွားတာကြတော့။

“ကျွန်းသစ်စိုက်ဖြစ်တာက နောက်တစ်နှစ်လောက်မှာပေါ့။ ကျွန်မက ချယ်ရီပင်စိုက်တာကို သွားကြည့်ရင်းနဲ့ ပြီးတော့ အဲဒီတောအတွင်းက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ကို အခု ချင်းပြည်နယ် ဝန်ကြီးချုပ် တာဝန်ရှိတဲ့ သူတွေက ဆွေးနွေးတဲ့ အခါမှာ ချင်းပြည်နယ် ဝင်တာနဲ့ ဘာမှ မရှိဘူး။ အဲတာဆိုတော့ တစ်ခုခုလုပ်မယ်ဆိုပြီးတော့ လူကြီးတွေက ကျွန်မကို ညှိနှိုင်းတဲ့ အခါမှာ ကျွန်မ ဘာလုပ်ရမလဲ မသိဘူး။ ပြီးတော့ အဲဒီအချိန်မှာ သစ်တောရေးရာဝန်ကြီးတို့ ညွှန်မှုးတို့ ညွှန်ချုပ်တို့နဲ့လည်း ခင်တော့ သစ်ပင်စိုက်ပါဆိုတော့ ကျွန်းသစ်စိုက်ဖို့ စာအုပ်လေး ကျွန်မကို ပေးလိုက်တော့ ဖတ်တဲ့ အချိန်မှာ ဒီအတိုင်းပဲ စိုက်လိုက်ပါမယ် ဆိုပြီးတော့ ချင်းပြည်နယ် အဝင်မှာ ကျွန်းသစ်စိုက်လိုက်တာ။

အဲဒီအချိန်မှာ တော်တော်များများက ဒီနေရာမှာမစိုက်ပါနဲ့ ဘာလို့ဆိုတော့ မြေတွေလည်း မကောင်းဘူးပေါ့နော်။ မရှင်ဘူးတဲ့။ ဒါပေမယ့် ကျွန်မက ချင်းပြည်နယ်အဝင်မှာ ဝင်ဝင်ခြင်း ကျွန်းပင်တွေ မြင်နေရတယ်ဆိုတာကို မမြင်ရရင် မစိုက်ချင်ပါဘူးပေါ့နော်။ အဲဒီနေရာကိုပဲ ရွေးပြီး စိုက်လိုက်တာ။ တစ်နှစ်တည်းနဲ့ ၁၅ ပေလောက် တက်သွားတယ်။ အခုဆိုရင်တော့ ဒီနှစ်ထဲမှာ တစ်ဝက်ကို ခုတ်ရတော့မယ် ဘာဖြစ်လို့လဲဆိုတော့ အပင်တွေက ထွားလာတယ်။ တစ်ချို့ဆိုရင် လုံးပတ်က တစ်ပေကျော်သွားပြီ။ ခုတ်ရတော့မယ်။ အပင်ညပ်နဲ့ မသန်တာတွေခုတ်ပြီး တခြားအပင်တွေ ဆက်ရှင်သန်အောင်ပေါ့။”

အစ်မဘဝမှာ ဒီတော့ စိန်ခေါ်မှု အနေနဲ့ပေါ့နော်။ အခက်အခဲတွေ စိန်ခေါ်မှုတွေက တွေ့ကြုံခဲ့ရမှာပဲ။ ဒီတော့ အစ်မကိုယ်တိုင်က ပြန်ပြီးတော့ ပြောပြရလောက်အောင် စိန်ခေါ်မှုတွေ ကြီးကြီးမားမား ဘာရှိခဲ့လဲရှင့်။

“ကျွန်မ I Love Myanmar လို့ စလိုက်တဲ့ အချိန်မှာ ခုနက ပြောသလိုပဲလေ မြန်မာနိုင်ငံက မြန်မာပြည်သားတွေ ပြည်ပ ထွက်တဲ့ အချိန် စိတ်နာကြတဲ့ အချိန် I Love Myanmar လို့ ကျွန်မက ဒီနာမည် ပေးလိုက်တဲ့ အချိန်မှာ တစ်ချို့က အရမ်းစိတ်ဆိုးကြတယ်။ အဲဒီၤအချိန်မှာတော့ ဒီနာမည်လေးကို လူတွေက ချစ်တာပေါ့နော်။ အဲအတောတွင်းက တစ်ချို့က ကိုယ့်နိုင်ငံကို ချစ်တာနဲ့ ဒီအုပ်ချုပ်တဲ့သူကို ချစ်တာနဲ့ အတစ်ဦးတစ်ယောက်ကို ချစ်တာ မတူဘူး။ ကျွန်မ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံကို ချစ်ဖို့ ဘယ်သူ့ကိုချစ်ပါ ဘယ်လူကိုချစ်ပါ ကျွန်မ မပြောဘူးလေ။ ကိုယ်နိုင်ငံကို ချစ်ပါလို့ပဲ ပြောတာလေ။ ကိုယ်ဒီနိုင်ငံကနေ ထွက်ခွာသွားပေမယ့်လည်း ကိုယ်နိုင်ငံကိုချစ်ပါ အဲဒါကို ကျွန်မက လူသိအောင် အင်္ကျီလည်းဝတ်တယ်။ အွန်လိုင်းပေါ်မှာလည်း တင်တယ်။ တစ်ချို့က ကျွန်မကို အစိုးရနဲ့များ ပတ်သက်နေမလား ဘယ်သူနဲ့ ပတ်သက်နေမလဲ ဆိုပြီးတော့ ဒီနောက်ခံမှာ ဘယ်သူရှိတယ်ဆိုတာ တိတိကျကျ မသိခင်မှာ ရေးကြတယ်ပေါ့နော်။ သူတို့ရေးကြတဲ့အခါမှာ ကျွန်မပြန်ဖတ်ရင် တော်တော် ခံစားရတယ်”

တော်တော်များများ မသိကြတဲ့ အစ်မရဲ့ ငယ်ဘဝကလည်း စိတ်ဝင်စားစရာတော့ ကောင်းမယ်ထင်တယ်။ အစ်မကလည်း တိုင်းရင်းသူဆိုတော့ အစ်မကြီးပြင်းခဲ့တာက တိုင်းရင်းသား ဒေသမှာပဲ ကြီးပြင်းခဲ့ရတာလား။

“ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တီးပေါရွာ မှာ တီးပေါဆိုတာ အိန္ဒိယနဲ့လည်းနီးတယ်။ မိုင် ၃၀ လောက်ပဲဝေးတယ်။ အဲဒီမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီရွာမှာ ၇ နှစ်ထိ နေခဲ့ပါတယ်။ ရွာလို့ဆိုပေမယ့်လည်း တစ်ချို့က ရွာလို့ပြောရင် ကျေးရွာငယ်လေးလို့ ထင်ကြမယ်။ ဒါပေမယ့် အဲဒီတီးပေါရွာဆိုတာက ဒုတိယ ကမ္ဘာစစ်ကတည်းက မြန်မာပြည်ကို ကာကွယ်တဲ့ ခံတပ်ရှိတဲ့နေရာ ဖြစ်တယ်။ စစ်တပ်ရှိတယ်။ ရဲစခန်းရှိမယ်။ တိုက်နယ်ဆေးရုံရှိတယ်။ အဲဒီကတည်းက ကျွန်မငယ်စဉ်ကတည်းက အစိုးရ အလယ်တန်းကျောင်း ဆိုတာလည်း ရှိပါတယ်”

အစ်မ ရှေ့ဆက်ပြီးတော့ လုပ်ချင်သေးတဲ့ အရာတွေ ထပ်ပြီး အကောင်ထည်ဖော်ချင်သေးတဲ့အရာတွေ ဘာတွေ ရှိနေသေးလဲရှင့်။

“လောလောဆယ်တော့ I Love Myanmar ဆိုတဲ့ ဒီနာမည်လေးကို ကျွန်မ စတင်ခဲ့တာလဲ နှစ်ပေါင်း ၁၀နှစ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မ ဒီနာမည်လေးကိုလည်း လူကြီးတွေကရော မိသားစုမိတ်ဆွေတွေကလည်း မပျောက်ပျက်စေချင်ဘူး။ ကျွန်မကလည်း လုံးဝကို ဒီနာမည်ကို မပျောက်သွားစေချင်ပါဘူး။ အဲတာကြောင့်မို့လို့ ရည်ရွယ်ချက်လုံးဝ မရှိဘဲ အခု ဆိုင်ဖွင့်လိုက်ရတယ်ပေ့ါနော်။ အဲတာကလည်း အဝတ်အစားတွေ ပစ္စည်းတွေနဲ့ လှူတဲ့အခါမှာ တစ်ချို့က မြို့ကလူတွေက လိုချင်လာတယ်။ ကျွန်မ မရောင်းပါဘူးဆိုတော့ သူတို့ဘာသာသူတို့ စုပြီးတော့ ရောင်းလာတဲ့ အခါမှာ တစ်ချို့က ကျွန်မ လုပ်တာထင်ပြီးတော့ အရမ်းလှူတာပဲ ဆိုပြီးတော့ အဲဒီပစ္စည်းတွေက ရောင်းထွက်တယ်။ ကျွန်မကို လာပြောတော့ ကျွန်မ မဟုတ်ဘူး သူတို့ အထင်မှားသွားလို့ပေါ့နော်။ ဒီလောက် ပစ္စည်းတွေကို လိုချင်နေတယ်ဆိုရင်တော့ ကျွန်မ ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဝယ်လိုက်တယ်။ ပြီးတော့ I Love Myanmar တီရှပ်တွေ၊ ဦးထုပ်လေးတွေ ကီးချိန်းလေးတွေ အလှူမှာ အသုံးပြုခဲ့တဲ့ဟာတွေကို မြို့ပေါ်မှာနေတဲ့ သူတွေ အသုံးပြုနိုင်အောင် လှူဖို့ မလိုတဲ့နေရာမှာတော့ ငွေကြေးနဲ့ လာဝယ်လို့ ရပါတယ်။ ပြီးတော့ အစကတည်းက လှူဖို့ကိုပဲ ရည်ရွယ်တာလေ။ ဒါဆိုတော့ ၂၅% ရောင်းရတယ်ဆိုရင် ၇၅% က အလှူထဲပါသွားပြီ။ ဒါကြောင့်မို့လို့ တကယ်လို့ မြို့ပေါ်မှာ နေတဲ့ သူတွေက လာဝယ်တယ်ဆိုရင်လည်း ဒီလာဝယ်တဲ့ ငွေကြေးဟာ အလှူထဲသွားမှာပါပဲ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly