မုံးကိုးကာကွယ်ရေးတပ်ခေါင်းဆောင်နှစ်ဦးအား လွတ်ငြိမ်းခွင့်ပေးရန် အစိုးရသစ်ကို အသနားခံစာတင်ထား

မုံးကိုးကာကွယ်ရေးတပ်ခေါင်းဆောင်နှစ်ဦးအား လွတ်ငြိမ်းခွင့်ပေးရန် အစိုးရသစ်ကို အသနားခံစာတင်ထား

ချင်းမိုင်၊ မေ ၂၄ ။  ။ ရှမ်းမြောက် အထူးဒေသ(၁) မုံးကိုးကာကွယ်ရေးတပ် (MDA) ခေါင်းဆောင်နှစ်ဦးကို နှစ်အကန့်အသတ်မရှိ ထောင်ချထားသည့်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ရရန် မိသားစုဝင်များက သမ္မတ ဦးထင်ကျော်ထံ မေ ၇ရက်က အသနားခံစာပေးပို့လိုက်သည်။ 

မေ ၇ရက်က ပေးပို့သည့်စာအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရရှိပြီဟု ၎င်းနှင့် နီးစပ်သူက ဖုန်းဖြင့် အကြောင်းကြားလာသည်ဟုလည်း ယခင်က MDA တွင် စီးပွားရေးဌာန တာဝန်ခံ ဦးမရန်တန်ဂွန်းက ပြောသည်။

“အခု ထောင်ထဲမှာ ၁၅ နှစ် ၁၆ နှစ်ထဲရှိလာပြီ။ သူတို့နှစ်ယောက်စလုံး လွတ်ပေးဖို့ တောင်းဆိုလိုက်တယ်။ ဦးသိန်းစိန် လက်ထက်မှာလည်း စာတင်တယ်။ မလွတ်လာလို့။ ဒီလဆန်းမှာ စာပြန်တင်လိုက်တယ်။ ၂၀၁၄ ခုနှစ်က တင်ထားတဲ့ အစာအတိုင်း ထပ်တင်လိုက်တယ်။ အခု MDA ခေါင်းဆောင် ဦးမွန်းအောင် လက်မှတ်နဲ့ ထပ်တောင်းဆိုလိုက်တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ 

ဖမ်းဆီးခံထားရသည့် MDA၏ ခေါင်းဆောင် ဦးမရန်ဂမ်မှာ အသက် ၇၃နှစ်ရှိပြီဖြစ်ပြီး မန္တလေး အိုးဘိုထောင်တွင် အကျဉ်းကျခံထားရကာ လေဖြန်း၊ သွေးတိုးရောဂါများ ခံစားနေရ၍ မကြာခဏ ဆေးကုသမှု ခံနေရသည်။ အသက် ၇၀အရွယ် ဦးဇော်လမှာလည်း ခန္တီးထောင်မှ မန္တလေး၊ မြင်းခြံထောင်သို့ ပြောင်းရွှေ့လာရသည်မှာ တစ်လခန့်သာရှိသေးသည်ဟု ၎င်းက ပြောသည်။ 

“အရင်တစ်ပတ်က သူတို့ကို ထောင်ဝင်စာသွားတွေ့တယ်။ ကျန်းမာရေးလည်း မကောင်းဘူး။ ဆေးရုံလည်း ခဏခဏတက်နေရလို့ အသက်ရှင်နေတဲ့အချိန်မှာ မိသားစုနဲ့အတူ နေနိုင်ဖို့ဆိုပြီး စာရေးတောင်းဆိုထားတယ်”ဟု ဦးမရန်တန်ဂွန်းက ပြောသည်။

၎င်းတို့နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် စစ်အစိုးရလက်ထက် နှင့် ဦးသိန်းစိန် အစိုးရလက်ထက်များက ၂၀၀၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၁ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၃ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၄ခုနှစ်ကတစ်ကြိမ် စုစုပေါင်း ငါးကြိမ်တိုင် အသနားခံစာ တင်ပြခဲ့သည်ဟု သိရသည်။

၁၉၉၅ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) မုံးကိုးကာကွယ်ရေးတပ်(MDA)ကို ယခင် စစ်အစိုးရက သတ်မှတ်ပေးခဲ့ပြီး ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် MDA တပ်တွင်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းလိုကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သီဟသူရတင်အောင်မြင့်ဦး၏ ဖိတ်ကြားချက်အရ တပ်မတော်မှ ဗိုလ်မှူးကြီး စန်းပွင့် ကိုယ်တိုင် ဦးဆောင်၍ ဒေသခေါင်းဆောင်များဖြင့်သည့် ဦးမုံဆာလ၊ ဦးဇော်လနှင့် ဦးမရန်ဂမ် တို့အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိူးမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ခေါ်ဆောင်ပြီး ရက်အနည်းငယ်ကြာတွင် ဖမ်းဆီး၍ မြင်းခြံခရိုင်တရားရုံးမှ ၎င်းတို့သုံးဦးကို မူးယစ်ဆေးဝါးပုဒ်မဖြင့် နှစ်အကန့်အသတ်မရှိ ထောင်ချမှတ်ခဲ့ကြောင်း အသနးခံစာတွင် ပါရှိသည်။ 

MDA ဒေသခေါင်းဆောင် ဦးမုံဆာလသည် ထောင်ဒဏ် ချမှတ်ပြီး ၂ နှစ်ခန့်ကြာတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင်း၌ ဆုံးပါးသွားခဲ့ကြောင်း ဦးမရန်တန်ဂွန်းက ပြောသည်။ 

၂၀၁၃ ခုနှစ် ဒီဇင်ဘာလက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (မြန်မာနိုင်ငံ) AAPP တို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားစာရင်း အမှတ်စဉ် ၄၃ တွင် ဦးမရမ်ဂမ်၏ အမည်ပါရှိသော်လည်း နောက်ပိုင်းတွင်မူ ၎င်းမှာ မူယစ်ဆေးဝါးပုဒ်မဖြင့် ထောင်ချခံရသည့်အတွက် နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းခွင့် မရကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly