လူဦးရေ တိုးပွားမှုနှုန်းကို ထိန်းချုပ်ရန် ဖိလစ်ပိုင် ရွေးကောက်ခံအစိုးရသစ် စဉ်းစားနေ

လူဦးရေ တိုးပွားမှုနှုန်းကို ထိန်းချုပ်ရန် ဖိလစ်ပိုင် ရွေးကောက်ခံအစိုးရသစ် စဉ်းစားနေ

မေ ၂၄ ။               ။ နိုင်ငံတွင် လူဦးရေ တိုးပွားနေမှုကို ထိန်းချုပ်နိုင်မည့် အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရသစ်က ပြောကြားသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အစိုးရသစ်က လုပ်ဆောင်သွားမည့် အနာဂတ် စီးပွားရေး လုပ်ငန်းစဉ်ထဲတွင် အိမ်ထောင်စု မူဝါဒ ရေးဆွဲရေး အစီအစဉ်တစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း နှင့် လက်ရှိ နိုင်ငံတွင်တစ်စထက်တစ်စ တိုးပွားလာနေသော လူဦးရေကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“ လူဦးရေ တိုးပွားမှု ကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်မယ့် ဥပဒေတစ်ရပ်အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု စီးပွားရေးရာ စီမံကိန်း ရေးဆွဲရေး ဝန်ကြီးအဖြစ်ခန့်အပ်ရန်လျာထားခံရသူ အာနက်စ်တို ပါနီယာက ပြောသည်။

မိသားစု ဆိုင်ရာ မူဝါဒရေးဆွဲရေးနှင့် လူဦးရေ ထိန်းချုပ်ခြင်းမှာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်တစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။ မကြာသေးမီက ကောက်ခံရရှိထားသော သန်းခေါင်စာရင်းများအရ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတွင် လူဦးရေ သန်း ၁၀၀ ကျော် ရှိနေပြီဟု သိရသည်။ အလားတူ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းမှာလည်း ၂၀ ရာခိုင်နှုန်းကျော် တွင် ရပ်တည်နေသည်ဟု ဆိုသည်။

“ သမ္မတသစ် ဒူတာတေးရဲ့ စီးပွားရေး လမ်းပြမြေပုံအရဆိုရင် ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးမညီမျှမှုတွေကို လျှော့ချဖို့ အဓိကရည်ရွယ်ထားပါတယ်” ဟု ပါနီယာက ပြောကြာသွားသည်။

လက်ရှိ ဖိလစ်ပိုင်နိုင်ငံလူဦးရေ ၏ ၈၀ ရာခိုင်နှုန်းမှာ ရိုမန်ကက်သလစ်ဘာသာဝင်များဖြစ်ကြပြီး ကိုယ်ဝန်ဖျက်ချခြင်း နှင့် သန္ဒေတားခြင်းတို့ကို ဆန့်ကျင်ကြသူများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly