ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကျင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၃ဦး သေဆုံးကာ လူ ၁၀၀ကျော် ပျောက်ဆုံးနေ

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကျင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၃ဦး သေဆုံးကာ လူ ၁၀၀ကျော် ပျောက်ဆုံးနေ
နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မေ ၂၃ရက် ညက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခု၏ ကျင်းပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၃ ဦးသေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

 ဆိပ်မူကျေးရွာအုပ်စု ဂွေခါကျေးရွာရှိ ရပ်နားထားသော ရတနာကြယ် ကုမ္ပဏီ၏ လုပ်ကွက်တွင် ရေမဆေးသမားများ ကျောက်ရှာဖွေနေချိန်တွင် ကျင်းပြိုချမှု ဖြစ်ပွား၍ မြေပိနေဆုံးသူ ၁၃ လောင်း တူးဖော်ရရှိထားသည်ဟု ဒေသခံ ဦးနောင်လတ်က ပြောသည်။

 “လောလောဆယ်ထိတော့ ၁၃ လောင်းပဲတွေ့တယ်။ ပျောက်နေတာက ၁၀၀ လောက်ရှိတယ်လို့ ပြောတယ်။ ကုမ္ပဏီက ရပ်နားထာတာ ကြာပြီ သဘာဝတောင်လို့ ထင်တာပေါ့။ မိုးကလည်း မနေ့က တညလုံး ဆက်တိုက်ရွာနေတဲ့အခါကြတော့ ပြိုလာတာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

 လက်ရှိ အလောင်းများကို ဖားကန့်ဆေးရုံ၊ ဆိုင်းတောင် ဆေးခန်းများတွင် ထားရှိသည်ဟု သိရသည်။

 ယမန်နေ့ ညတွင်းချင်း အလာင်း ၉ လောင်း တူးဖော်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၂၀ ခန့်ကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု နေပြည်တော်တွင် ရှိနေသော ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက မဇ္ဈိမကို ပြောသည်။

 “ရပ်နားထားတဲ့ ကျင်းပြိုကျတဲ့အချိန်မှာ ရွာမှာရှိတဲ့ဒေသခံတွေ ရေမဆေးသမားတွေရော အားလုံး တူးဖော်ကြတဲ့အချိန်မျာ ည အချိန်မှာ ပြိုကျမှုဖြစ်တယ်လို့ သိရတယ်။ အဲဒီကျင်းကလည်း အင်မတန်မှ နက်တဲ့ ပေ ထောင်ချီမြင့်တဲ့ တောင်ရဲ့ အောက်မှာ ရှိနေတဲ့အချိန်ကြတော့ အင်မတန်မှ နက်တဲ့ အနေအထားမျိုးရှိပါတယ်။ အဲဒီကျင်းပြိုကျမှုကြောင့် ည ၁၀ နာရီလောက်မှာဘဲ အလောင်း ၉ လောင်းရှာဖွေတွေ့ရှိပြီလို့ သိရပါတယ်”ဟု သူက ပြောသည်။

 “အလောင်းတွေ ဖော်တဲ့အခါမှာလည်း စက်ယန္တရားနဲ့ ဖော်တာမဟုတ်ဘဲ လူအားနဲ့ ဖော်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်”ဟု သူက ပြောသည်။

 မေလ ၆ ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စုစပေါမှော်တွင် တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက်နေရာမှ မြေစာပုံ ပြိုကျခဲ့သဖြင့် ရေမဆေးရှာဖွေသူ လက်လုပ်လက်စား လူ ၁၀ ဦးကျော် သေဆုံးခဲ့သည်။ ယခုနှစ်အတွင် လူအများအပြားသေဆုံးမှု ဒုတိယအကြိမ်မြောက် ဖြစ်သည်။

 ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္ပဏီကြီးများ၏ စွန့်ပစ်မြေစာများ အလွန်မြင့်များခြင်းကြောင့် မကြာခဏ မြေပြိုမှုကြောင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကလည်း မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။

 မြေစာပုံပြိုကျမှု မကြာခဏ ဖြစ်ပွားမှုကြောင့် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများက စွန့်ပစ်မြေစာများကို စည်းကမ်းမဲ့ စွန့်ပစ်မှုအပေါ် ဒေသခံများက ကုမ္ပဏီများသို့ တောင်းဆို ဆန္ဒဖော်ထုတ်မှုများ ရှိသဖြင့် မြေစာပုံ ချမှု အနည်းငယ် လျော့နည်းလာသည်ဟု ဒေသခံ ဦးလမောင်လတောင်က မကြာသေးမီက မဇ္ဈိမကို ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly