ဟံသာဝတီအသင်းရှံုးပွဲကြောင့် ရန်ကုန်အသင်း ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့

ဟံသာဝတီအသင်းရှံုးပွဲကြောင့် ရန်ကုန်အသင်း ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့
မကွေးအသင်းဘက်သို့ ဂိုးသွင်းပြီးနောက် ရန်ကုန်ကစားသမားများအောင်ပွဲခံနေစဉ် (ဓါတ်ပုံ YUFC)

မေ ၂၄ ၊ ရန်ကုန်။            ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များ ပြန်လည်စတင်ချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် ရှမ်းယူနိုက်တက်အသင်းအား ရှုံးနိမ့်ခဲ့သောကြောင့် အဆင့်နှစ်နေရာအား ရန်ကုန်အသင်းထံသို့ လွှဲပြောင်းပေးခဲ့ရသည်။

 ဟံသာဝတီအသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း နောက်ခံလူနှင့် ဂိုးသမား၏ နားလည်မှုလွဲချော်မှုများကြောင့် ဦးဆောင်ဂိုးများ ပေးခဲ့ရကာ ပွဲအပြီးတွင် ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဟံသာဝတီအသင်းသည် ယင်းပွဲအရှုံးကြောင့် ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယနေရာမှ ရန်ကုန်အသင်းထက် တစ်မှတ်လျော့ကာ အဆင့်သုံးနေရာသို့ ကျဆင်းခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုကျော့အဖွင့်ပွဲတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရပြီး ကျော်ကိုကို၊ ဒေးဗစ်ထန်းတို့၏ ခြေစွမ်းပြ သွင်းဂိုးများကြောင့် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရကာ အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

ဇယားထိပ်ဆုံးမှ ရတနာပုံအသင်းမှာမူ ဧရာဝတီအသင်း၏ အိမ်ကွင်း ပုသိမ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း တိုက်စစ်မှူး အောင်သူ၏ ခြေစွမ်းပြ ဟက်ထရစ်သွင်းဂိုးများကြောင့် ၃-၅ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အခြားပွဲစဉ်များတွင် ချင်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းအား ၁-၀ ဖြင့် ကပ်အနိုင်ရခဲ့သလို ဇေယျာရွှေမြေအသင်းကလည်း ဟော်ရဇွန်အသင်းအား အိမ်ကွင်းမုံရွာကွင်းတွင် ၃-၂ ဖြင့် အနိုင်ရခဲ့သည်။

ဆောက်သမ်းမြန်မာအသင်းသည်လည်း ရခိုင်ယူနိုက်တက်အသင်းအား အသစ်ခေါ်ယူထားသော နိုင်ငံခြားသားကစားသမားများ ခြေစွမ်းပြမှုကြောင့် သုံးဂိုးပြတ်ဖြင့် အနိုင်ရကာ ယခုနှစ်ဘောလုံးရာသီ၏ ပထမဦးဆုံး နိုင်ပွဲစတင်တွေ့ရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပွဲစဉ် ၁၂ ပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ရန်ကုန်အသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဒုတိယ၊ ဟံသာဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly