စိတ်ဓာတ်ကောင်းကြောင့် ဟံသာဝတီအသင်းကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးမြတ်မင်း သုံးသပ်

စိတ်ဓာတ်ကောင်းကြောင့် ဟံသာဝတီအသင်းကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးမြတ်မင်း သုံးသပ်
ရှမ်းတောင်ပံကစားသမား နေလင်းထွန်း၏ ထိုးဖောက်မှုကို ဟံသာဝတီကစားသမားများ ဟန့်တားနေစဉ်။ (ဓါတ်ပုံ Shan United FC)

ရန်ကုန်၊ မေ ၂၃ ။                ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များ ပြန်လည်စတင်ချိန်တွင် အမှတ်ပေးဇယား ဒုတိယနေရာမှ ဟံသာဝတီအသင်းအား အနိုင်ရအောင် ကစားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် စိတ်ဓာတ်ကောင်း ကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းသည် အဆိုပါပွဲတွင် ကစားသမားသစ်များဖြစ်သည့် ရန်နိုင်ဦး၊ မက်ဆီမန်တို့ ပါဝင် ကစားခဲ့ကြပြီး ဟံသာဝတီအသင်းအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ ဇင်မင်းထွန်းနှင့် ဂတ်စတာဗိုတို့၏ ခြေစွမ်းပြ သွင်းဂိုးများကြောင့် ၂-၃ ဖြင့် အနိုင်ရခဲ့သည်။

ဟံသာဝတီအသင်းသည် ယင်းပွဲအရှုံးကြောင့် အမှတ်ပေးဇယား ဒုတိယနေရာကို ရန်ကုန်အသင်းအား ဖယ်ရှားပေးခဲ့ရပြီး ရမှတ် ၂၁ မှတ်ဖြင့် တတိယနေရာသို့ ကျရောက်ခဲ့သည်။

"ဟံသာဝတီလို မာကျောတဲ့အသင်းကို အနိုင်ကစားခဲ့တဲ့ ကစားသမားတွေကို ချီးကျူးပါတယ်။ နိုင်ငံခြားသား နှစ်ယောက်တည်း ပါပေမယ့် ဒီနေ့ ကစားပုံက အတော်လေးကို မာကျောပါတယ်။

အဓိက က စိတ်ဓာတ်ကောင်းပြန်ရတာပါပဲ။ ဒီနေ့ ကစားသလိုမျိုး ပွဲတိုင်းကစားမယ်ဆိုရင် ကျွန်တော်တို့ အသင်း သေချာပေါက် ရလဒ်ကောင်းမှာပါ။ ဘယ်ပွဲမဆို အားအပြည့် ထည့်ကစားဖို့ပဲလိုပါတယ်။

နောက်တချက်က အလယ်တန်းပါ။ အသစ် ရောက်လာတဲ့ ရန်နိုင်ဦးရော မက်ဆီမင်ပါအသင်းနဲ့ အသားကျတာ အရမ်းမြန်ပါတယ်။ သူတို့တွေ နားလည်မှု ပိုရလေ၊ ကစားရတာ ပိုအဆင်ပြေလေပါပဲ" ဟု ဦးစိုးမြတ်မင်းက အသင်း၏ ခြေစွမ်းအပေါ် သုံးသပ်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းနှင့်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် ယခုနှစ် ၂၀၁၆ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သုံးပွဲမြောက်နိုင်ပွဲ ရရှိခဲ့ပြီး ခြောက်ပွဲသရေ သုံးပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၅ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့်ခုနစ် နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly