ဝင်း နှင့် ဇော်တို့ အယူခံကို ထိုင်းတရားရုံးလက်ခံပြီ

ဝင်း နှင့် ဇော်တို့ အယူခံကို ထိုင်းတရားရုံးလက်ခံပြီ

ချင်းမိုင်၊ မေ ၂၃ ။  ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့သောင်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ် ချမှတ်ခံရသူ မြန်မာနိုင်ငံသား နှစ်ဦး၏ အယူခံကို မေလ ၂၃ ရက်တွင် ထိုင်းတရားရုံးက လက်ခံလိုက်သည်ဟု သိရသည်။

ဒေးဗစ်နှင့် ဟန်နားတို့ သတ်မှုဖြင့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး(ဝင်းဇော်ထွန်း)တို့ကို သေဒဏ်ချမျတ်ခြင်းကို ပယ်ပျက်ရန် ယခင် တရားရုံး၏ ကြားနာချက်မှ လူသတ်မှုတွင် သက်သေခိုင်လုံမှု မရှိကြောင်း စာမျက်နှာ ၁၉၈ မျက်နှာပါရှိသော အယူခံလွှာကို လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ၊ တရားခံများ၏ မိခင်များက ကော့စမွေခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို လက်ခံလိုက်ခြင်း ဖြစ်သည်။

“မနက်က ၉ နာရီကျော်လောက်မှာ အယူခံတင်လိုက်တာ။ ညနေ ၁ နာရီ ပတ်ဝန်းကျင်လောက်မှာ တရားရုံးက လက်ခံလိုက်တယ်။ အဓိကတော့ အယူခံအကြောင်းပြချက်တွေက ခိုင်လုံတယ်ပေါ့။ ဒါကြောင့် တရားရုံးအနေနဲ့ ဒါကို လက်ခံပြီးတော့ စစ်ဆေးပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့လက်ခံလိုက်တာပါ”ဟု မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

လာမည့် ၂၀၁၇ ခုနှစ်အတွင်း အယူခံ တရားရုံး၏ စီရင်ချက်ကို ချမှတ်နိုင်ဖွယ်ရှိသည်ဟု ရှေ့နေများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမှ ရှေ့နေကောင်စီမှ ပေးသည့် အကြံဉာဏ်များ၊ ထိုင်းရှေ့နေများကောင်စီမှာ တရားရုံးတွင် တွေ့ရသည့် အတွေ့အကြုံအကြံဉာဏ်များ၊ နိုင်ငံခြား မှုခင်းဆိုင်ရာ အကြံပြုချက်များ စုစည်း၍ အယူခံကို အဓိက အချက် ၁၅ ချက်ခန့်ကို ထည့်သွင်းကာ အချိန် ၅ လခန့်ကြာ ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အယူခံလွှာတွင် တရားခံ နှစ်ဦး၏ မျိုးရိုးဗီဇ(ဒီအန်အေ)နှင့် ပတ်သက်၍ ခိုင်မာမှုမရှိသော အဓိက တင်ပြထားပြီး တရားခံ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊ ဖမ်းဆီးပြီးနောက် ဝန်ခံချက်ပေးခြင်း၊ ညှင်းပန်းနှိပ်စက် ခြိမ်းခြောက်ခြင်း၊ ဝန်ခံချက်ပေးရာတွင် ရှေ့နေ သို့မဟုတ် တရားခံဘက်မှ ယုံကြည် စိတ်ချရသော လူပုဂ္ဂိုလ်မရှိခြင်း၊ တရားခံဘက်မှ ကာကွယ်ပေးသည့် ဘာသာပြန်နှင့် ရှေ့နေမရှိခြင်း စသည့် အချက်များ ပါဝင်၍ တရားခံ နှစ်ဦးအား ကွင်းလုံးကွတ် လွှတ်မိန့်ပေးပါရန် အယူခံတင်ပြလျှောက်ထားခြင်း ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်(MWRN)က မေလ ၂၃ ရက်က သတင်းထုတ်ပြန်ထားသည်။

နှစ်ဖက် သက်သေ ၃၄ ဦးတို့က ၂၁ ရက်ကြာ ထွက်ချက်များ ပေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေ ၂၃ရက်တွင် အယူခံ လျှောက်ထားခဲ့ပြီးနောက် ထိုင်းရှေ့နေများနှင့် မိခင် ဒေါ်မေသိန်းနှင့် ဒေါ်ဖြူရွှေနုတို့က ဘန်ကောက်မြို့ နွန်ထဘူရီခရိုင်ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့ကို မလ ၂၄ ရက်တွင် ထောင်ဝင်စာ သွားတွေ့မည် ဖြစ်ကြောင်း သိရသည်

ဟန်နာဝစ်ချ်ထားရစ်ချ်နှင့် ဒေးဗစ်မီလ်လာ တို့သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ထိုင်းနိုင်ငံ ကော့တောင်း(လိပ်ကျွန်း)တွင် အသတ်ခံရပြီး ၎င်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် မှုခင်း သက်သေခံယူမှုတို့အပေါ် ပြည်တွင်း ပြည်ပမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly