လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရန် တစ်ကိုယ်တော်လမ်းလျှောက်သူ ဖမ်းဆီးခံရ

လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရန် တစ်ကိုယ်တော်လမ်းလျှောက်သူ ဖမ်းဆီးခံရ
(ဓာတ်ပုံ-သက်နိုင်ဝင်း)

မုံရွာ၊ မေ ၂၃ ။   ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် ရန်ကုန်မှ လက်ပံတောင်းထိ တစ်ကိုယ်တော်လမ်းလျှောက်သူ ကိုနေလင်းစိုးအား မေ ၂၃ ရက် နေ့လည် ၂ နာရီခွဲခန့်က စစ်ကိုင်းမြို့မရဲစခန်းက ဖမ်းဆီးလိုက်သည်။

ရန်ကုန်မှ လက်ပံတောင်းတောင်ထိ ခရီးရှည် ချီတက်လမ်းလျှောက်ခဲ့ပြီး ၁၀ရက်မြောက်နေ့တွင် စစ်ကိုင်းမြို့၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှ အထွက်တွင် ကိုနေလင်းစိုး(ခ) ဖိုးစနေ နှင့်အတူ လိုက်ပါဝန်းရံသူ ကိုကျော်ဇင်တို့ နှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 

ယင်းကြောင့် စစ်ကိုင်းမြို့မရဲစခန်း ဒုရဲမှူးကျော်ထွန်းနိုင်အား ဖုန်းဆက်သွယ်မေးမြန်း ခဲ့ရာ ဖမ်းဆီးခေါ်ဆောင်ထားသည်မှာ မှန်ကန်ကြောင်း နှင့် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

မေလ ၁၄ရက်တွင် ဆူးလေမှ စတင်ထွက်ခွာခဲ့သည့် ကိုနေလင်းစိုးကို မေ ၁၅ရက်ကလည်း ရန်ကုန်၊ အင်းစိန်မြို့အဝင်တွင် ၎င်း ကိုင်ဆောင်လာသည့်အလံအား ကိုင်ဆောင်ခြင်းမပြုရန် အာဏာပိုင်များက တားဆီး သတိပေးခဲ့သေးသည်။

တစ်ကိုယ်တော်လမ်းလျောက်ဆန္ဒပြရာတွင် ယခင် လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် ဒေါ်နော်အုန်းလှတို့ တောင်းဆိုစဉ်က ကိုင်ဆောင်ခဲ့သည့် လယ်သမားအမှတ်တံဆိပ် မြစ်နှစ်စင်း နှင် ကြယ်တစ်လုံးပါသည့် အလံကို ကိုင်ဆောင်ကာ ချီတက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly