စစ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးလိုသည် ဆိုသော မြောက်ကိုရီးယား၏ ကမ်းလှမ်းချက်ကို တောင်ကိုရီးယား ပယ်ချ

စစ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးလိုသည် ဆိုသော မြောက်ကိုရီးယား၏ ကမ်းလှမ်းချက်ကို တောင်ကိုရီးယား ပယ်ချ

မေ ၂၃ ။           ။ စစ်ဘက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုသည်ဟု မြောက်ကိုရီးယားဘက်က ကမ်းလှမ်းလိုက်သော်လည်း တောင်ကိုရီးယားအစိုးရဘက်က ယင်းကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြုံးယမ်းအစိုးရအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်မှုမတိုင်ခင် ယင်း၏ နျူကလီးယားလက်နက်တပ်ဆင်လိုနေမှု ရည်ရွယ်ချက်များကို ကနဦး စွန့်လွှတ်ရန် လိုသည်ဟု ဆိုးလ်အစိုးရက ပြောကြားလိုက်သည်။

မကြာသေးမီက ကျင်းပခဲ့သည့် အာဏာရအလုပ်သမားပါတီ၏ ညီလာခံတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ယခုကဲ့သို့ တောင်ကိုရီးယားနှင့် စစ်ရေးပိုင်း ဆိုင်ရာ ဆွေးနွေးသွားမည်ဟု ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

လက်ရှိ နှစ်နိုင်ငံ နယ်စပ်အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုအခြေအနေများကို ကျော်လွှားနိုင်ရန် ယခုကမ်းလှမ်းချက်ကို လက်ခံရန်လိုသည်ဟု ယင်းနောက်ပိုင်းကာလများတွင် မြောက်ကိုရီးယားဘက်က  တိုက်တွန်းခဲ့သည်ဟု သိရသည်။

သို့ရာတွင် ယခုကမ်းလှမ်းချက်တွင် နိုင်ငံတကာအကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသော နျူအစီအစဉ်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ဟု တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသွားခဲ့သည်။

" ကမ်းလှမ်းချက်ထဲမှာ နျူကလီးယားဖျက်သိမ်းမယ့်အစီအစဉ်တွေ တစ်လုံးတစ်ပါဒမှ ပါတာမတွေ့ပါဘူး၊ ကျွန်တော်တု့ိနဲ့ မဆွေးနွေးခင်မှာ သူတို့ဘက်က နျူကလီးယား ဖျက်သိမ်းရေးကိုပဲ အရင်ဦးစားပေးလုပ်သင့်တယ်လို့ ကျွန်တော်တို့ဘက်ကတော့ ခံယူထားပါတယ်" ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly