ဒီမိုကရေစီရမှ အမျှဝေပါဟု မှာခဲ့သူ မဝင်းမော်ဦးအတွက် အမျှဝေနိုင်ပြီ

ဒီမိုကရေစီရမှ အမျှဝေပါဟု မှာခဲ့သူ မဝင်းမော်ဦးအတွက် အမျှဝေနိုင်ပြီ

ရန်ကုန်၊ မေ၂၂ ။          ။ တိုင်းပြည်၏ နိုင်ငံရေးခြေနေသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာပြီဟု ယူဆကာ ဒီမိုကရေစီရမှ အမျှဝေမှာဟု မှာပြီး ရှစ်လေးလုံး လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ကျည်ဆံထိမှန်အသက်ဆုံးရှုံးခဲ့သူ မဝင်းမော်ဦးအတွက် ကျန်ရစ်သူမိသားစုက မေလ၂၂ရက်တွင် နာမည်ခေါ်ပြီး အမျှဝေလိုက်သည်။

"အဲ့ဒီအရေးအခင်းကိုသွားတော့ သူ ကျွန်တော့်ကို တစ်ခုမှာတယ်။ တကယ်လို့သူတစ်ခုခုဖြစ်သွားရင် သမီးတို့တောင်းဆိုနေတဲ့ ဒီမိုကရေစီမရမချင်း သမီးနာမည်ကိုခေါ်ပြီး အမျှမဝေပါနဲ့တဲ့" ဟု မဝင်းမော်ဦး၏ ဖခင်က လွန်ခဲ့သော ၂၈နှစ်ခန့်က အခြေအနေကို ပြန်ပြောပြသည်။

လက်ရှိနိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်လာပြီဖြစ်တဲ့အတွက် အခုလိုအမျှ ဝေရခြင်းဖြစ်ကြောင်း မဝင်းမော်ဦး၏ မိခင်ကပြောသည်။

၁၉၈၈ခုနှစ်ကျောင်းသားအရေးအခင်းတွင် တက်ကြွစွာပါဝင်ရင်း စက်တင်ဘာ ၁၉ရက်က သေနတ် ကျည်ဆံမှန်ကာ ကျဆုံးခဲ့ရသည့် မဝင်းမော်ဦး၏ အမျှဝေ၊ အောက်မေ့ခြင်းအခမ်းအနားကို ၎င်း၏ မိသားစုများက လက်ရှိ နေထိုင်ရာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိနေအိမ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားကို ရွှေညဝါဆရာတော်က ဦးဆောင်ကျင်းပ ပေးခဲ့သည်။

အမျှဝေပွဲသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဒါရိုက်တာကြည်ဖြူသျှင်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ အပါအဝင် NLDပါတီဝင်များနှင့် ရပ်ကွက်နေလူထုလည်း တက်ရောက်ခဲ့သည်။

"သူတို့တောင်းဆိုခဲ့တဲ့ အာဏာရှင်စနစ်ကျဆုံးဖို့ဆိုတာတော့ မည်ကာမတ်တတော့ ကျဆုံးသွားပြီပေါ့၊ ဒီမိုကရေစီရဖို့ဆိုတာတော့ ဒီမိုကရေစီနည်းကျ ခိုင်မာတဲ့အလေ့အထတွေ စိုက်ထူရင်းနှီးမြုပ်နှံလည်ပတ်နိုင်မှ၊ မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်းနိုင်မှ၊ ပြီးတော့အစိုးရကိုလည်း ပြည်သူကဝေဖန်နိုင်ရမယ်၊ အစိုးရကလည်းပြည်သူကို လမ်းပြပေးနိုင်မှ ရရှိမှာဖြစ်ပါတယ်။" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly