နိုင်ငံပိုင်မီဒီယာက ဝါဒဖြန့်ဖို့ထက် ပြည်သူကို အသိပညာပေး၊ ထောက်ပြပေးတဲ့ မီဒီယာအဖြစ် လုပ်ဆောင်နေပါတယ်

နိုင်ငံပိုင်မီဒီယာက ဝါဒဖြန့်ဖို့ထက် ပြည်သူကို အသိပညာပေး၊ ထောက်ပြပေးတဲ့ မီဒီယာအဖြစ် လုပ်ဆောင်နေပါတယ်

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် နှင့် မဇ္ဈိမအင်တာဗျူး

မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အရပ်သားအစိုးရ ဖြစ်လာတဲ့နောက်ပိုင်းမှာ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်နဲ့ ပတ်သက်ပြီးတော့ ဘာတွေ ဆောင်ရွက်နေလဲ၊   ရှေ့ဆက်ဘယ်လိုတွေ ဖြစ်နိုင်မလဲ၊   နိုင်ငံပိုင်မီဒီယာတွေရဲ့ အလားအလာ စတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ကို မဇ္ဈိမသတင်းဌာနရဲ့ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က တွေ့ဆုံမေးမြန်းထားသည်။

မဇ္ဈိမ ။  ။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံတော်လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်နဲ့ ပက်သတ်ပြီးတော့ ပိုပြီးတော့ လွတ်လပ်လာပြီလို့ ပြောလို့ရမလား ဒါမှမဟုတ် ပိုပြီးတော့ လွတ်လပ်ဖို့ကို ဘာတွေများ ထပ်ပြီးတော့ လိုအပ်ဦးမလဲလို့ ထင်ပါသလဲခင်ဗျာ။

ဝန်ကြီး ။  ။ ကျွန်တေ်ာတို့မှာ လွတ်လပ်စွာ ရေးသားခွင့်ကတော့ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်ကစပြီး တိုးတက်လာတယ်ပေါ့နော်။ တိုးတက်လာတယ်။ သို့သော် အဟန့်အတားလေး တစ်ချို့တော့ ရှိပါတယ်။ အဲဒါက ဘာတွေလဲဆိုရင် တည်ဆဲဥပဒေ တစ်ချို့ရှိတယ်။ လွတ်လပ်စွာရေးသားခွင့်ကို နည်းနည်းကန့်သက်တာရှိတယ်။ အဲဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ ပြုပြင်ဖို့ လိုနေတာတွေ ရှိပါတယ်။ ပြီးတဲ့နောက် ကျွန်တော်တို့ တရားစီရင်ရေးအပိုင်းပေါ့နော်။ တရားစီရင်ရေးအပိုင်းနဲ့လည်း သတင်းမီဒီယာသမားတွေရဲ့ လုပ်ငန်းသဘာဝကို ပိုပြီးတော့ နားလည်မှုရှိပြီးတော့ တည်ဆဲဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုရာ အသုံးပြုရာမှာ ပြန်ပြီးတော့ ဆွေးနွေး သုံးသပ်ဖို့ လိုနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲ့ဒါတွေ ဖြစ်ပေါ်လာပြီးလို့ရှိရင် ကျွန်တော်တို့ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကတော့ ပိုပြီးတော့ အခုရှိနေတာထက် ပိုပြီးတော့ တိုးတက်လာမယ်လို့ မြင်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ သတင်းစာတွေ ရုပ်မြင်သံကြားတွေနဲ့ ပတ်သက်ပြီးတော့ ဒီနိုင်ငံပိုင် သတင်းစာတွေ ဒါမှမဟုတ် ရုပ်မြင်သံကြားတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်း ပြောကြားပေးပါဦးခင်ဗျာ။

ဝန်ကြီး ။  ။ နိုင်ငံပိုင် သတင်းစာတွေ ရုပ်မြင်သံကြားတွေဆိုတာကတော့ အစိုးရနဲ့ အများပြည်သူအကြား ဆက်သွယ် ပေါင်းကူးတဲ့ ပစ္စည်းတွေပါ။ မီဒီယာ မီဒီယန်တွေ ဖြစ်ပါတယ်။ အဲ့တော့ ဒါကတော့ အစိုးရတစ်ရပ်အနေနဲ့ မိမိရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများကို အများပြည်သူကို သိဖို့ အစီအရင်ခံဖို့ ဒီအတွက်ကတော့ ဘယ်လိုဆက်သွယ်ရေး ဒီပစ္စည်းတွေကတော့ ကြားခံပစ္စည်းပေါ့။ ဒါတွေကတော့ သုံးစွဲနေရတာတွေ ရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ အများပြည်သူနဲ့ ဆက်သွယ်တဲ့အခါမှာ မိမိဘက်က ပြောဆိုချင်တဲ့အရာတွေကို ပြောဆိုနေတာမျိုး မဟုတ်ဘဲနဲ့ အများပြည်သူဘက်က ကျွန်တော်တို့ကို ပြန်ပြီးတော့ ပြောဆိုချင်တာ အသိပေးချင်တာ ဝေဖန်ထောက်ပြချင်တာကိုပါ ပြန်ပြီးတော့ ဖော်ပြပေးတဲ့ မီဒီယာမျိုးဖြစ်အောင် ကျွန်တော်တို့ ပြောင်းလဲ ဆောင်ရွက်နေတာ ရှိပါတယ်ခင်ဗျာ။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ တဆက်တည်းမှာပဲခင်ဗျာ ဒီနိုင်ငံပိုင် သတင်းစာတွေက ဈေးကွက်ကို လက်ဝါးကြီးအုပ်တယ်။ ဒါမှမဟုတ် ကြော်ငြာအများစုကို ယူထားတယ်ဆိုပြီးတော့ ဝေဖန်သံတွေ အတော်များများ ထွက်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးအနေနဲ့ ဘယ်လိုများ တုန့်ပြန်ချင်ပါသလဲခင်ဗျာ။

ဝန်ကြီး ။  ။ နိုင်ငံပိုင်သတင်းစာတွေကတော့ စောစောကပြောသလို အများပြည်သူနဲ့ ဆက်သွယ် ပေါင်းကူးနိုင်ဖို့ အလုပ်ကိုပဲ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါလည်းပဲ နှစ်ပေါင်းများစွာ ဆောင်ရွက်လာတဲ့ ကိစ္စဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်းပဲ နိုင်ငံပိုင်သတင်းစာလို့ခေါ်တဲ့ သတင်းစာများကိုလဲ ပြည်သူက ဒါကို အလေးထားပြီး ကြည့်ရှုတဲ့ အလေ့အထကလည်း နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့လည်း ဒါကို ကောင်းမွန်တဲ့ အနေအထားရှိအောင် အရည်အသွေးပိုကောင်းအောင် စောစောကပြောသလိုပေါ့ အစိုးရဘက်ကပဲ ပြောဆိုတာမျိုးမဟုတ်ဘဲ အများပြည်သူဘက်က ပြောဆိုတဲ့ အသွင်သဏ္ဍာန်မျိုး ဒီဟာနဲ့ ပြောင်းလဲပြီးတော့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါသည် ဈေးကွက်ကို လွှမ်းမိုးတာတို့ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေနဲ့ စီးပွားရေးအရ ယှဉ်ပြိုင်တာတို့ မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ငန်းတာဝန်ကို မိမိ ဆောင်ရွက်ထားတာဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ နောက်ထပ် မေးခွန်းတစ်ခုအနေနဲ့ ဝန်ကြီးတို့ အစိုးရအဖွဲ့ကို လူတော်တော်များများက အရမ်းကို မျှော်လင့်ကြတယ်ပေါ့နော်။ မျှော်လင့်ချက်ကြီးကြီးမားမား ထားကြတယ်ဆိုတဲ့အခါမှာ အချို့ကိစ္စတွေမှာ တုန့်နှေးနေတယ်လို့လဲ ဝေဖန်ကြတာပေါ့။ ဆိုတဲ့အခါကျတော့ ကွစ်ဝေးဖြစ်ဖို့အတွက် ဘယ်လောက်များ လျင်လျင်မြန်မြန်ဖြစ်ဖို့ ဒါမှမဟုတ် လျင်လျင်မြန်မြန် တိုးတက်ဖို့ ဝန်ကြီးတို့အနေနဲ့ ဘယ်လို စွမ်းဆောင်နိုင်ဖို့ မျှော်မှန်းထားပါသလဲ။

ဝန်ကြီး ။  ။ အများပြည်သူက အများကြီး မျှော်လင့်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ မျှော်လင့်တာလည်း မျှော်လင့်သင့်တဲ့အရာ ဖြစ်ပါတယ်။ ဒီလို ဒီအစိုးရလက်ထက်မှာ ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့်မို့လည်း ဒီအစိုးရ အဖွဲ့အစည်းဖြစ်မယ့် ပါတီအဖွဲ့အစည်းကို အများပြည်သူက တစ်ခဲနက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ သို့သော် ဒီတိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်တာတို့ စသဖြင့်တို့သည်လည်း ဒီပြောင်းလဲခြင်းဆိုတာ နေ့ချင်းညချင်း ဘယ်ဖြစ်နိုင်မလဲ ဒီအစိုးရတက်လာတာကလည်း နှစ်လမပြည့်သေးဘူးပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ သို့သော် တက်နိုင်သလောက် အချိန်တိုအတွင်းမှာ ပြောင်းလဲမှုတွေ ပြနိုင်အောင်တော့ အားထုတ်နေတာလည်း ရှိပါတယ်။ အဲ့တော့ ရေရှည်မှာ ပြောင်းလဲမယ်။ အချိန်တိုအတွင်းမှာလည်း ပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ သဘောထားတွေလည်း ရှိတယ်။ အဲ့ဒီသဘောထားနဲ့ ဆောင်ရွက်နေတာတွေလည်း ရှိတယ်။ ဥပမာပြောမယ်ဆို ရက် ၁၀၀ လှုပ်ရှားမှုပေါ့နော် ရက် ၁၀၀ လှုပ်ရှားမှုပဲဆိုပါတော့။ ဝန်ကြီးဌာနအသီးသီးက ဒီရက် ၁၀၀ အတွင်းမှာ ဘာတွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာနဲ့ သဘောကတော့ အစိုးရ ဖွဲ့ပြီးကာစအချိန်ကနေ စပြီးတော့ လှုပ်ရှားမှုတွေ ဆောင်ရွက်မှုတွေ သွက်သွက်လက်လက်ရှိအောင် ဒီ ရက် ၁၀၀ လှုပ်ရှားမှုဆိုတဲ့ အစီအစဉ်ကို လုပ်တာပဲ။ လုပ်တော့ အခုချိန်အတွင်းမှာလည်း အတော်အတန် မြင်တွေ့ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာတွေဆိုရင်လည်း ဒါကို အစီအစဉ်တစ်ရပ်ချပြီးတော့ ဖော်ပြနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ သတင်းစာတွေနဲ့ ရုပ်သံတွေမှာ ဒီဝန်ကြီးဌာနအသီးသီးရဲ့ ရက် ၁၀၀ ဆောင်ရွက်မှုတွေ ပြသနေတာ ရှိပါတယ်။ အဲ့ဒါတွေသည် စောစောကပြောတော့ ကွစ်ကွင်းသဘောတွေပေါ့နော်။ တကယ်ကြီးကြီးမားမား ထုနဲ့ထည်နဲ့ ပြောင်းလဲဖို့ကတော့ ရေရှည်လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ နောက်တစ်ခုအနေနဲ့ ဒီနိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းသွားဖို့ ဒီအစိုးရလက်ထက်မှာ ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။ ဆိုတဲ့အခါကြတော့ ဒီကနေ့ Process မှာ အခက်ခဲဆုံးအနေနဲ့ အခက်ခဲဆုံးအချိန်က ဘာဖြစ်မလဲလို့ ဝန်ကြီး ထင်သလဲခင်ဗျ။

ဝန်ကြီး ။  ။ နိုင်ငံတော်ကြီး အတိုင်ပင်ခံပုဂ္ဂိုလ်က အခုငြိမ်းချမ်းရေးနဲ့ပက်သက်ပြီး ပြောဆိုတဲ့အထဲမှာလည်း ပါပါတယ်။ ဒီငြိမ်းချမ်းရေးဆိုတာ နှစ်ဖက် ပဋိပက္ခဖြစ်နေတယ်။ တစ်ဦးနဲ့တစ်ဦး ဆွေးနွေးညှိနှိုင်းရမယ်။ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ ထုံးစံအတိုင်း တစ်ဦးနဲ့တစ်ဦး အပေးအယူ အလျော့အတင်းပြုလုပ်ရတာပေါ့ခင်ဗျာ။ အဲ့တော့ ကိုယ်လိုချင်တာ တွေကြီးပဲ ပြောဆိုနေရင်လည်း ဆွေးနွေးတာ မအောင်မြင်နိုင်ဘူးပေါ့ခင်ဗျာ။ ကိုလိုချင်တာကိုလည်းပြောမယ်။ တစ်ဖက်က တောင်းဆိုတာကိုလည်း ကိုယ်ပေးနိုင်တာ ပေးရမယ် ဒီလိုဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အဲ့တော့ ဒီလိုဆွေးနွေးတဲ့အခါမှာ ငြိမ်းချမ်းရေးရဖို့ ငါတို့ကတော့ ပေးနိုင်သလောက်ပေးမယ် ဘယ်အတိုင်းတာအထိ စသဖြင့် အဲ့လို စိတ်ထားမျိုးနဲ့ ဆွေးနွေးပွဲဝိုင်းကို လာကြမယ်ဆိုရင် ပိုပြီးအောင်မြင်မယ်ပေါ့။ သို့သော် ဘာကအခက်ခဲဆုံးလဲဆိုရင် မိမိဘက်က လူ့သဘာဝ ရချင်တာတွေများတယ် မိမိဘက်က ပေးရမယ့်ဆိုရင် နဲနဲဝန်လေးတဲ့သဘောတွေ ရှိတက်ပါတယ်။ သို့သော် တိုင်းပြည်အကျိုးတွက်ဟာကို စိတ်ထဲမှာမယ်ပေါ့။ အဲ့လိုစိတ်ထားမျိုးသည် တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ သဘောထားနဲ့ မိမိဘက်က ပေးရမှာကို မတွန့်တိုဘဲနဲ့ ဒီလို ပေးမယ်ဆိုတဲ့ အလျော့အတင်းပြုမယ်ဆိုတဲ့ စိတ်ထားနဲ့ လာကြမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အောင်မြင်မှာပါ။

မဇ္ဈိမ ။  ။ နောက်ထပ်တစ်ခုက ဒီတပ်မတော်ဟာ အရေးကြီးတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်နေတယ်ပေါ့နော်။ ဒါကို ဝန်ကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဝန်ကြီး ။  ။ တပ်မတော်ကတော့ ကျွန်တော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရွေးကောက်တင်မြောက် ဖြစ်ပေါ်လာတဲ့ အစိုးရအဖွဲ့ပေါ့နော်။ ဆိုတော့ တပ်မတော်သည်လည်း ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း နိုင်ငံရေးထဲမှာ သူက ပါဝင်နေတာပေါ့။ တပ်မတော် အခန်းကဏ္ဍနဲ့ပက်သတ်ပြီးတော့ ဖွဲ့စည်ပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတာတွေရှိပါတယ်။ တပ်မတော်သည် ဘယ်နေရာ ဘယ်အရာတွေကို တပ်မတော်က ဆောင်ရွက်ဖို့ရှိတယ်။ ဆောင်ရွက်ခွင့်ရှိတယ်။ စသဖြင့်ပေါ့။ ပြဌာန်းထားတာတွေရှိပါတယ်။ အဲ့ဒီ အတိုင်းအတာအထိက သူဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့လိုပဲ ကျွန်တော်မြင်ပါတယ်ခင်ဗျာ။.

အင်တာဗျုး ဗွီဒီယိုအားကြည့်ရန်- https://www.facebook.com/MizzimaDaily/videos/1185851334783103/

မဇ္ဈိမ ။  ။ နောက်တစ်ခုကတော့ ကျွန်တော် နိုင်ငံတော် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်ခင်ဗျာ။ အခုဆို မြစ်ဆုံစီမံကိန်းပေါ့ ဒါမှမဟုတ် စီမံကိန်းတွေမှာ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခါမျိုးတွေ ရှိနေပါတယ်။ ဒီစီမံကိန်းတွေနဲ့အပေါ်မှာကော ဝန်ကြီးအနေနဲ့ ဘယ်လိုများ သုံးသပ်ပြီးတော့ ပြောပေးနိုင်မလဲခင်ဗျာ။

ဝန်ကြီး ။  ။ ဟုတ်ကဲ့။ ဒီလိုစီမံကိန်းတွေက ကျွန်တော်တို့ ဒီမြစ်ဆုံစီမံကိန်းဆိုပါတော့။ ဒီမြစ်ဆုံစီမံကိန်းက ခက်စောစောကရှိခဲ့တဲ့ အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဆိုင်းငံ့ခဲ့တယ်ပေါ့ဗျာ။ ဆိုင်းငံ့ခဲ့တဲ့အပေါ်မှာ အဓိကပြောဆိုတဲ့ အကြောင်းကတော့ အများပြည်သူက မလိုလားအပ်တဲ့ကြောင်းမို့ ဒါကို ဆိုင်းငံ့ပါတယ်။ ပြောဆိုခဲ့တာရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ အစိုးရသည်လည်းပဲ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရပေါ့နော် ပြည်သူလူထုက ရွေးကောက်တယ် ပြည်သူကိုယ်စာလှယ်ကမှတစ်ဆင့် ဖွဲ့စည်းပေးတဲ့ ခန့်ထားပေးတဲ့ အစိုးရအဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူ့ဆန္ဒကို အလေးထားရပါတယ်။ အဲ့တော့ ဒီလို ကိစ္စဝိစ္စမျိုးတွေမှာ အများပြည်သူက မလိုလားဘူးဆိုရင် လုပ်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကို မျက်နှာမူတဲ့ အစိုးရလို့ ပြောထားတယ်။ ပြည်သူ့သဘောဆန္ဒကို လေးစားရပါတယ်။ အဲ့တော့ ဒီလိုကိစ္စမျိုးတွေ မြစ်ဆုံကိုတော့ ထားပေါ့နော် မြစ်ဆုံကိစ္စကတော့ မြစ်ဆုံအလျှောက် စဉ်းစားရမှာပေါ့။ အဲ့လိုပဲ တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေပေါ့ သဘာဝသယံဇာတ အရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးစွဲသွားမလဲဆိုတဲ့ ကိစ္စမှာ စဉ်းစားသုံးသပ်ရတယ်ပေါ့နော်။ စဉ်းစားသုံးသပ်တဲ့အခါမှာ ဒီသယံဇာတဆိုတာ တွေက ဒီအတိုင်း သိမ်းထားဖို့လည်း မဟုတ်ဘူး။ ဒါ တိုင်းပြည်အတွက် ထုတ်ယူသုံးစွဲဖို့ ဖြစ်တယ်။ သို့သော် ထုတ်ယူသုံးစွဲတဲ့အခါမှာ အကျိုးကျေးဇူးထက် အဖြည့်ခံများမယ်ဆိုရင်တော့ ဒါကို လုပ်လို့မဖြစ်ဘူး။ ဒီအစိုးရအဖွဲ့အစည်းနဲ့ ဒီအစိုးရဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနအသီးသီးနဲ့ တာဝန်ယူဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ဒါသည် တိုင်းပြည်အတွက် အကျိုးရှိမလား အကျိုးမရှိဘူးလားဆိုတာ စဉ်းစားသုံးသပ်သင့်ပါတယ်။ အကျိုးရှိတဲ့ကိစ္စ လုပ်သင့်တဲ့ကိစ္စ ဆိုလို့ရှိရင် ဥပမာ ဒါပေမယ့် အပြစ်ကတော့ ရှိတယ်ဆိုရင် အကျိုးကျေးဇူးကတော့ ဘယ်လိုများပါတယ်ဆိုတဲ့အကြောင်းကို အများပြည်သူက လက်ခံသိရှိအောင် ပြောဆိုနိုင်လို့ အများပြည်သူကလည်းပဲ လက်ခံတယ်ဆိုရင် လုပ်လို့ရတယ်။ တချို့ကိစ္စတွေကျတော့ ဒီအပြစ်ကများနေတယ် ဒါလုပ်ရင် သိပ်ကောင်းမှာပဲလို့ ပြောတဲ့သူရှိလို့ ဒါထက် ကောင်းကျိုးထက် ဆိုးပြစ်က ပိုများတယ်ဆိုလို့ရှိရင် ဒါကိုမလုပ်ဖို့ ဒါကို ဒီလို စဉ်းစားသုံးသပ်ပြီးတော့ မိမိရဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက စဉ်းစားသုံးသပ်ပြီးတော့ အများပြည်သူတွေရဲ့ အမြင်ကို လေးစားလိုက်နာ ဆောင်ရွက်သွားရမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။

မေးခွန်းတွေကတော့ ဒါပါပဲခင်ဗျာ။ နောက်ထပ် ထပ်ပြီး ဖြည့်ပြောချင်တာများ ရှိလားခင်ဗျာ။

အထူးမရှိပါဘူးခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly