သူပုန်ဖြိုခွင်းရေးတွင် မြန်မာက အိန္ဒိယကို ကူညီရန် စိတ်မပါဟု Times of India သတင်း ဖော်ပြ

သူပုန်ဖြိုခွင်းရေးတွင် မြန်မာက အိန္ဒိယကို ကူညီရန် စိတ်မပါဟု Times of India သတင်း ဖော်ပြ

အိန္ဒိယ စစ်သွေးကြွအုပ်စုများကို ဖြိုခွင်းရန် အိန္ဒိယဘက်မှ အပြင်းအထန် ကြိုးစားသော်လည်း မြန်မာဘက်မှ ၎င်း၏ ပိုင်နက်အတွင်း ခိုလှုံနေကြသည့် အိန္ဒိယ သူပုန်များနှင့် ပတ်သက်ပြီး ထက်ထက်သန်သန်မရှိလှဟု Times of India သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

လတ်တလောအကျဆုံး အကဲဖြတ်ချက်များအရ မြန်မာတပ်များက အိန္ဒိယဘက်တွင် လှုပ်ရှားနေသည့် စစ်သွေးကြွစခန်း အနည်းငယ်ကို လာရောက်ကြည့်ရှုခဲ့ပြီး၊ ထွက်ခွာသွားရန် သတိပေးမှုများ ရှိခဲ့သော်လည်း မြန်မာဘက်မှ ခိုင်မာသည့် အရေးယူဆောင်ရွက်ချက် တစ်စုံတစ်ရာမရှိကြောင်း အိန္ဒိယထောက်လှမ်းရေးအရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

မြန်မာတပ်များကသာ အိန္ဒိယသောင်းကျန်းသူများကို တားဆီးရန် တစ်စုံတစ်ရာ လေးလေးနက်နက် ဆောင်ရွက်ခဲ့လျှင် လက်နက်များ သိမ်းယူမှု၊ ဖမ်းဆီးမှုများ ရှိရမည်ဖြစ်ကြောင်းလည်း အဆိုပါ ထောက်လှမ်းရေးအရာရှိက ပြောသည်။ 

''ဒီနေ့အချိန်အထိ ဘယ်စစ်သွေးကြွကိုမှလည်း ပစ်မသတ်၊ ဘယ်သူမှလည်း ဒဏ်ရာမရ၊ ဘာလက်နက်မှလည်း မသိမ်းဆည်းမိသေးပါဘူး''ဟု အခြားထောက်လှမ်းရေးအရာရှိ တစ်ယောက်က မှတ်ချက်ပြု ပြောကြားသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း အထူးသဖြင့် ခါဖလန်း (Khaplang)ဟုခေါ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (National Socialist Council of Nagaland)က ၁၄နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်လိုက်သောကြောင့် အိန္ဒိယက စစ်သွေးကြွများအား ဖြိုခွင်းရန် မြန်မာကို ဖိအားပေးလာခဲ့ရာတွင် အမျိုးသား လုံခြုံရေးအကြံပေး အဂျစ် ဒိုဘယ်နှင် နိုင်ငံခြားရေးဝန်ကြီး အက်ဇိုင်ရှန်ကာ တို့နှစ်ဦးစလုံးက မြန်မာသမ္မတ ဦးသိန်းစိန်နှင့်ရော အခြားမြန်မာအစိုးရ အရာရှိကြီးများနှင့်ပါ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ကြီးကြီးမားမား တိုးတက်မှုမရှိလှဘဲ စစ်သွေးကြွများမှာ မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေမြဲသာဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

စစ်သွေးကြွအုပ်စုများအပေါ်တွင် တစ်စုံတစ်ရာ ဖိအားပေးမှုရှိခဲ့သည်ဆိုလျှင်လည်း  နယ်စစ်တစ်လျှောက်တွင် လူသိရှင်ကြား စစ်ဆင်ရေးများ ပြုလုပ်ခြင်းပင်ဖြစ်ပြီး၊ ယင်းသို့ပြုလုပ်ခြင်းက စစ်သွေးကြွများကို သတိပေးလိုက်သလိုဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ခဏာတာရှောင်နေဖို့ ဆုံးဖြတ်နိုင်သည်ဟုလည်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။   

မြန်မာအာဏာပိုင်များ စစ်သွေးကြွများကို ဖြိုခွင်းရန် စိတ်မပါရသည့် အကြောင်းများထဲတွင် မြန်မာနိုင်ငံသား အက်စ် အက်စ ခါဖလန်းခေါင်းဆောင်သည့် NSCN(K)မှာ မြန်မာပြည်မှ အဖွဲ့ဝင်အတော်များများကို ဆွဲခေါ်ထားနိုင်ပြီး၊ စစ်တပ်နှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည့်အပြင် မြန်မာအစိုးရနှင့်လည်း တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည်ကလည်း တစ်ကြောင်းအပါအဝင်ဖြစ်သည်။ NSCN (K)၊ UNLF (United National Lberation Front)၊ KYKL (Kanglei Yawol Kanna Lup)၊ NDFBတို့ကဲ့သို့သော အရှေ့မြောက်ပိုင်းရှိ အကြမ်းဖက်အုပ်စုများမှာ မြန်မာနိုင်ငံအတွင်းတွင် လုံခြုံဘေးကင်းစွာ ခိုလှုံခွင့်ရနေကြသည်ဟု Times of India သတင်းတွင် ရေးသားထားသည်။

''သူတို့နဲ့ အပစ်ရပ်ရေး သဘောတူထားလို့၊ ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့ NSCN(K)ကို မဖြိုခွင်းချင်တာကို နားလည်နိုင်ပါတယ်။ ဒါမေယ့် တခြားအုပ်စုတွေကိုရော ဘာဖြစ်လို့ အရေးမယူရတာလဲ''ဟု အကြီးတန်းစစ်တပ်အရာရှိတစ်ဦးက ပြောကြားသည်။ ''မြန်မာနိုင်ငံအတွင်းမှာ ဘေးကင်းကင်း ခိုလှုံခွင့်ရနေတဲ့ အခြားသောင်းကျန်းသူအုပ်စုတွေဟာလည်း NSCN(K)ရဲ့ အကာအကွယ်အောက်မှာပဲ ရှိနေကြတယ်။ မြန်မာစစ်တပ်က အဲဒီအုပ်စုတွေဆီက အကျိုးအမြတ်ရနေတယ်''ဟု အဆိုပါ စစ်တပ်အရာရှိက ပြောကြားသည်။

ဤသတင်းမှာ အိန္ဒိယတပ်သား ၁၈ယောက်အသတ်ခံခဲ့ရသည့် ဇွန်၄ရက် မဏိပူရ ခြုံခိုတိုက်ခိုက်မှု နောက်ခံအခင်းအကျင်းတွင် အခြေစိုက်၍ ရေးသားထားခြင်းဖြစ်သည်ဟု Times of India သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly