ပခုက္ကူတွင် မုန်တိုင်းသတိပေးချက်များ ရပ်ကွက် နှင့် ကျေးရွာများတွင် လှည့်လည်နှိုးဆော်

ပခုက္ကူတွင် မုန်တိုင်းသတိပေးချက်များ ရပ်ကွက် နှင့် ကျေးရွာများတွင် လှည့်လည်နှိုးဆော်

ပခုက္ကူ၊ မေ ၂၁ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်ဝင်ရောက်နေပြီဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း ရွှန်နူကြောင့် ရခိုင်၊ ချင်း၊ စစ်ကိုင်း နှင့် မကွေးတွင် အနီရောင်အဆင့် သတ်မှတ်ထားရာ မကွေးတိုင်း ပခုက္ကူတွင် ရပ်ကွက်များ နှင့် ကျေးရွာများ၌ မုန်တိုင်းအန္တရာယ်သတိပေးချက်များကို ကားဖြင့် လှည့်လည်ဆော်သြလျက်ရှိနေသည်။

လက်ရှိတွင် ပခုက္ကူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး ရပ်ကွက်အသီးသီးတွင် မေ ၂၁ရက် နံနက် ၁၂နာရီ ဝန်းကျင်မှစတင်ကာ လိုက်လံနှိုးဆော်လျက်ရှိသည်။

"မိုးလေဝသ သတိပေးချက်မှာ မကွေးတိုင်းဆိုတော့ ပခုက္ကူလည်း ပါနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများကို ဖုန်းဆက်ညွန်ကြားထားပါတယ်။ လေပြင်းတိုက်မယ် လေပြင်းတိုက်ရင် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်။ ဒါကြောင့် ကျေးရွာ ရပ်ကွက်များမှာ သတိပေးနှိုးဆော်ထားကြဘို့ ချောင်း နားဝန်းကျင် တဝိုက်က အိမ်တွေကို အထူးသတိပေးထားဖို့နဲ့ ဖြစ်စဉ်ကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ ပေးရန် ညွန်ကြားထားပါတယ်"ဟု ပခုက္ကူ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးမြင့်ခိုင်က ပြောသည်။

ယင်းအပြင် ရှာဖွေကယ်ဆယ်ရေးအတွက်လည်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက တိုင်းနှင့် ပြည်နယ် အသီးသီးက မီးသတ်စခန်းများကို အသင့်ပြင်ထားရန် ညွှန်ကြားထားသည်ဟု သိရသည်။

"ကျွန်တော်တို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန အနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေး ယာဉ်နဲ့ ရှာဖွေကယ်ဆယ်ရေး အင်အား ၃၅ယောက်ကို အသင့်လုပ်ခိုင်းထားပါတယ်"ဟု ပခုက္ကူ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်က ပြောကြားပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စတင်ဖြတ်ကျော် ဝင်ရောက်လျက်ရှိနေပြီး၊ ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်ဝင်ရောက် မည်ဟု ခန့်မှန်းရပါသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly