ပြည်သူချစ်သောရဲတပ်ဖွဲ့ဖြစ်ရန် လုပ်ဆောင်နေဟုဆို

ပြည်သူချစ်သောရဲတပ်ဖွဲ့ဖြစ်ရန် လုပ်ဆောင်နေဟုဆို
ပဲခူးမြစ်ရေလျှံတက်မှုကြောင့် ပဲခူးမြို့အဝင်ဝရှိ ရေလွှမ်းမိုးမူကြောင့် ကုန်တင်ကားများ လမ်းမချော်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ယာဉ်မောင်းအား လမ်းပြနေသည်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန် ၊ မေ ၂၁ ။               ။ ပြည်သူလူထုနှင့် နီးနီးကပ်ကပ်နေထိုင်ကာ ရဲလုပ်ငန်းစဉ်နှင့် ပတ်သက်သော ပညာပေးဝန်ဆောင်မှုများ လုပ်ဆောင် သွားမည်ဟု မေလ၂၁ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ဝန်ဆောင်မှု ရှေးရှု ရဲလုပ်ငန်း စဉ်များ ရှင်းလင်းပွဲမှ သိရသည်။

"အခုဆိုရင် ပြည်သူလူထုအိမ်တွေသွားမယ်၊ ဆွေးနွေးမယ်၊ ပြီးရင် ကျွန်တော်တို့ဘက်က လုံခြုံရေးပိုင်း အမြင်မတော် တာတွေ့ရင် မိသားစုဆန်ဆန်ပညာပေးမယ်၊ ပြည်သူအနေနဲ့လည်း ရဲကြီးရေ.. ဘယ်နေရာမှာ၊ ဘယ်အချိန်တော့ မူးယစ်သောင်းကျန်းတဲ့သူတွေလာတက်တယ်၊ အဲ့နေရာလေး ကင်းလှည့်ပေးပါ ဘာလေးလုပ်ပေးပါဆိုတာမျိုး ပြော တာမျိုးတွေဖြစ်လာဖို့ပေါ့။" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးလှဝေက ပြောသည်။

ပြည်သူကို ထိန်းချုပ်သောရဲလုပ်ငန်းအစား ဝန်ဆောင်မှုပေးသော ရဲလုပ်ငန်းများကို အစိုးရသစ်၏ ရက်တစ်ရာ အစီစဉ် ထဲတွင် ရဲတပ်ဖွဲ့မှ ပါဝင်လုပ်ဆောင်နေပြီး ယင်းလုပ်ငန်းများကို အကောင်ထည်ဖော်သည့် အနေဖြင့် အလုံမြို့နယ်တွင် စတင်ကာ ဒဂုံ၊ လမ်းမတော်၊ သန်လျင်နှင့် လှိုင်သာယာတို့တွင်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဝန်ဆောင်မှုရှေးရှုသည့် လုပ်ငန်းမှာ ပြည်သူ့အရေးကိုသာ ဦးတည်သော လုပ်ငန်းများဖြစ်သည့်အတွက် ဆင်းရဲ ချမ်းသာ ခွဲခြားမှုမရှိပဲ တပြေးညီ ကာကွယ်စောင့်ရှောက်မှုပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောသည်။

ထို့ပြင်  တရားခံတွေကို ရိုက်နှက်၍ စစ်ဆေးခြင်းမပြုလုပ်ရန်၊ သံသယရှိ၍ ဖမ်းဆီးမည်ဆိုပါကလည်း ဖမ်းဆီးခံရမည့် သူ၏ ရှေ့ရေးကို စဉ်းစားက ဆင်ခြင်တုံတရားနှင့်   ဆောင်ရွက်ရန်နှင့်   ပြည်သူချစ်သော ရဲတပ်ဖွဲ့ဖြစ်စေရန် လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဝန် ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဝန်ဆောင်မှုကို ရှေးရှုလုပ်ဆောင်သောကြောင့် ပြီးခဲ့သော ၂၀၁၆သြင်္ကန်တွင်လည်း ရဲ ဝန်ထမ်း များ၏ လုပ်ဆောင် ချက် များအပေါ် လူထုမှ အကောင်းမြင်လာခဲ့ကြကြောင်း ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly