မဲခေါင်ဒေသ ၅နိုင်ငံကို ဂျပန်က ကန်ဒေါ်လာ ၈.၂ဘီလျံ ကူညီမည်ဟု ကတိပြု

မဲခေါင်ဒေသ ၅နိုင်ငံကို ဂျပန်က ကန်ဒေါ်လာ ၈.၂ဘီလျံ ကူညီမည်ဟု ကတိပြု

ဇူလိုင်လ ၄ရက်နေ့က တိုကျိုတွင်ပြုလုပ်ခဲ့သည့် မဲခေါင်-ဂျပန်ညီလာခံအတွင်း မဲခေါင်ဒေသ ၅နိုင်ငံကို တရားဝင် ဖွံဖြိုးမှုအကူအညီ ယန်း ၇၅၀ဘီလျံ (စင်္ကာပူဒေါ်လာ ၂၁ဘီလျံ)အထိ တိုးချဲ့ထောက်ပံ့သွားရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။

လာမည့် ၂၀၁၆ ဘဏ္ဍာနှစ်က စတင်တာ သုံးနှစ်တိုင်တိုင်ပေးကမ်းသွားမည့် အကူအညီပမာဏမှာ ညီလာခံစတင်ခဲ့သည့် ၂၀၀၉ခုနှစ်ကတည်းက ယနေ့အချိန်အထိ အကြီးမားဆုံးပမာဏဖြစ်သည်။ ယခုကဲ့သို့ ဂျပန်၏ အကူအညီတိုးမြင့်လာရခြင်းမှာ ကြီးထွားမှုမြန်ဆန်သည့် အရှေ့တောင်အာရှနိုင်ငံများတွင် အခြေခံအဆောက်အအုံလိုအပ်ချက်ကို ဂျပန်၏ အရည်အသွေးမြင့် အခြေခံအဆောက်အအုံများဖြင့် ဖြည့်ဆည်းပြည့်မှီစေရန် ရည်ရွယ်ပြီး ဤလှုပ်ရှားမှုမှာ တရုတ်ဦးဆောင်သည့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB)ကို တစ်စိတ်တစ်ပိုင်းအားဖြင့် တန်ပြန်ခြင်းဖြစ်ပုံရသည်။

တိုကျို၊ အာကာဆာကာရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ကျင်းပခဲ့သည့် နှစ်ပတ်လည်ညီလာခံသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအစတွင် အာဘေးက ''မဲခေါင်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ဂျပန်အတွက် အရေးကြီးလှပါတယ်''ဟု ပြောကြားခဲ့သည်။

အစည်းအဝေးမှာ မဲခေါင်နိုင်ငံများကို ဂျပန်က အကူအညီပေးရန် အစီအစဉ်များပါဝင်သည့် ပူးတွဲကြေညာချက် တိုကျိုမဟာဗျူဟာသစ် ၂၀၁၅ (New Tokyo Strategy 2015)ကို တညီတညွတ်တည်း အတည်ပြုကြခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။

သုံးနှစ်တစ်ကြိမ် အစည်းအဝေးတွင် ဂျပန်က ကြေညာခဲ့သည့် တရားဝင်ဖွံ့ဖြိုးမှုအကူအညီပမာဏမှာ ၂၀၀၉ခုနှစ်က ယန်းငွေ ၅၀၀ဘီလျံနှင့် ၂၀၁၂ခုနှစ်က ယန်းငွေ ၆၀၀ဘီလျံ ဖြစ်သည်။  

နှစ်ဖက်စလုံးက မဲခေါင်ဒေသတွင် အရည်အသွေးရှိသော အခြေခံအဆောက်အအုံ ပေါ်ထွန်းလာရေးမှာ အရေးကြီးကြောင်းကို သဘောတူကြသောကြောင့် ဒေသတွင်းတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး အရည်အသွေးရှိသော ဖွံ့ဖြိုးမှုကို ရယူနိုင်စေရန်အလို့ငှာဟု ပူးတွဲကြေညာချက်တွင် ပြောကြားထားသည်။

 အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ရေးအပြင် လူသားအရင်းမြစ် ပြုစုပျိုးထောင်ခြင်းနှင့် စက်မှုအဆောက်အအုံများ အဆင့်မြင့်ခြင်းများကဲ့သို့သော လုပ်ငန်းများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားရန် ဂျပန်နှင့် မဲခေါင် ၅နိုင်ငံစလုံးက သဘောတူခဲ့ကြသည်။ မဲခေါင်ဒေသအား ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှု ရရှိစေရေး အကူအညီပေးခြင်းဖြင့် ဂျပန်က ၎င်း၏ ကူညီထည့်ဝင်မှုကို တန်ဖိုးနိမ့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအတွက်သာ ရည်ရွယ်မည်ဟု မျှော်လင့်ရသည့် AIIB စီမံကိန်းများမှ ကွဲပြားခြားနားစေရန် ရည်ရွယ်သည်။

မဲခေါင်ဒေသဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သည့်အမြင်အရ ယခုတိုကျို မဟာဗျူဟာအသစ်က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားသည်။ ဤမဟာဗျူဟာအသစ်အရ ဂျပန်နှင့် မဲခေါင်ဒေသနိုင်ငံများမှာ အထူးသဖြင့် ဂျပန်ဦးဆောင်သည့် အာရှဖွံ့ဖြိုးမှုဘဏ် (Asian Development Bank)နှင့် ပူးပေါင်းကြရန်ဖြစ်ပြီး၊ အာရှဖွံ့ဖြိုးမှုဘဏ်ကိုလည်း မဲခေါင်ဒေသအတွင်းတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် ရေရှည် အတွေ့အကြုံနှင့် အသိပညာများ စုဆောင်းထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြထားသည်။

ပင်လယ်ပြင်လုံခြုံရေးနှင့် စပ်လျဉ်း၍လည်း တရုတ်၏ ကျွန်းဖော်မှုများနှင့်ပတ်သက်၍ အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေပြီး၊ ယုံကြည်မှုကိုလည်း ပျက်ဆီးသွားစေနိုင်သည့်အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံမှုနှင့် တည်ငြိမ်မှုကိုလည်း နှောင့်ယှက်ဖျက်ဆီးနိုင်သောကြောင့် တောင်တရုတ်ပင်လယ်အတွင်း မကြာသေးမီက ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နှစ်ဖက်စလုံးမှ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။    

မြောက်ကိုရီးယား၏ နျူးကလီးယားလက်နက်များ ဆက်လက်ထုတ်လုပ်နေမှုအပေါ်တွင်လည်း အထူးစိုးရိမ်မိကြောင်း နှစ်ဖက်စလုံးမှ ဖော်ပြခဲ့ကြ၍ နောက်ထပ်ရန်စသည့်လုပ်ရပ်များမှ ရှောင်ရှားရန်လည်း ပြုံယမ်းကို တိုက်တွန်းခဲ့ကြသည်။ မဲခေါင်-ဂျပန်ညီလာခံကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်မှာ ခုနှစ်ကြိမ်မြောက်ဖြစ်သည်။ အုပ်စုလိုက်ညီလာခံအပြင် အာဘေးက မဲခေါင်ခေါင်းဆောင်များနှင့်လည်း သီးခြားစီ ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly