နိုင်ငံ့လူဦးရေအများစု မှီခိုနေရတဲ့ စိုက်ပျိုးစီးပွားကဏ္ဍ ဘာကြောင့် မဖွံ့ဖြိုးတာလဲ

နိုင်ငံ့လူဦးရေအများစု မှီခိုနေရတဲ့ စိုက်ပျိုးစီးပွားကဏ္ဍ ဘာကြောင့် မဖွံ့ဖြိုးတာလဲ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ လယ်သမားများအားတွေရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မေ ၂၁ ။               ။ နိုင်ငံ့လူဦးရေအများစုမှီခိုနေတဲ့ စိုက်ပျိုးစီးပွားကို ခေတ်အဆက်ဆက် အဓိကထားခဲ့ပေမယ့် သိသာတဲ့ ဖွံ့ဖြိုးမှုတွေအားနည်းခဲ့သလို ဒီကဏ္ဍအတွင်းကလူမှုစီးပွားရေးတွေ နိမ့်ကျနေဆဲဖြစ်ပါတယ်။  

အခုလိုမျိုးအစိုးရသစ်တက်လာချိန်မှာတော့ အရေးကြီးတဲ့ဒီကဏ္ဍကိုပိုပြီးဖွံ့ဖြိုးလာဖို့အတွက် ဖိဖိစီးစီးတွန်းအားပေးလိမ့်မယ်လို့ အများကမျှော်လင့်နေကြပါတယ်။

မြန်မာ့စိုက်ပျိုးစီးပွားကဏ္ဍထိရောက်တဲ့ ဖွံ့ဖြိုးမှုတွေဖြစ်လာဖို့ ဘာတွေလိုအပ်မလဲဆိုတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကိုမေးမြန်းကြည့်တဲ့အခါမှာအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူက   မူဝါဒ၊ငွေကြေးနဲ့ ဈေးကွက်ကောင်းတွေဖြစ်ပေါ်လာဖို့ ဆွေးနွေးထားပါတယ်။

မြန်မာပြည်ရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သတာမြို့နယ်က လယ်သမားဦးရဲကျော်လွင်ကိုသူ့ရဲ့ စပါးစိုက်ခင်းထဲမှာ မြင်တွေ့နေရတာဖြစ် ပါတယ်။ သူ့အနေနဲ့က လယ် ၅ ဧကလောက်မှာ ဆင်းသုခမျိုးစပါးကို အဓိကထားစိုက်ပျိုးနေတာပါ။ ဈေးနှုန်းအထိုက်အလျောက်ရတယ် ဆိုပေမယ့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စားရိတ်ကများတာကြောင့် အကြွေးမတင်ရုံတမယ်ဘဲ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပြလာပြီး အဝယ်ဈေးကွက်ကို တိုက်ရိုက်ချိတ်ဆက်ရောင်းချချင်တယ်လို့ ပြောပြပါတယ်။

"ကျွန်တော်တို့က ကိုယ်ကိုယ်တိုင်မဖန်တီးနိုင်ဘူး၊ ဒီဈေးကွက်ကိုကုန်သည်တွေကနေတစ်ဆင့် လုပ်ပေးရတယ်ဆိုတော့ သူတို့ကတစ်ဖက်ကိုတင်သွင်းနိုင်မှ ကျွန်တော်တို့ ဒီကကုန်ပစ္စည်းက မြန်မြန်ထွက်လို့ရမှာပေါ့။" လို့ ဟင်္သာတမြို့နယ်၊ စစ်ပင်ကျေးရွာက လယ်သမား ဦးရဲကျော်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က "နံပါတ်တစ်ကပေါ်လစီ၊ နံပါတ်နှစ်ကငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာပေါ့နော်။ နံပါတ်သုံးကဈေးကွက်ပေါ့နော်၊ ဒီသုံးခုကအရမ်းအရေးကြီးတယ်” လို့ သုံးသပ်ပါတယ်။

ဆန်စပါးအသင်းချုပ်အနေနဲ့ အစိုးရသစ်က မြန်မာ့လယ်ယာကဏ္ဍပိုပြီးတိုးတက် ဖို့ ဖိဖိစီးစီးလုပ်ကိုင်ပေးသွားဖို့ မျှော်လင့်ထားပြီးဈေးကွက်နဲ့ စိုက်ပျိုးစားရိတ် တွေ တိုးမြှင့်နိုင်ဖို့ တောင်းဆိုထားတာပါ။

"နံပါတ်တစ် ရေတိုအားဖြင့်ကတော့ ဒီဘဏ်ကထုတ်ပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေကိုတစ်ဧက နှုန်းထားကတောင်သူတွေအတွက်မလုံလောက်ဘူး။ ဒါကြောင့်မို့လို့ ဒါကိုတိုးမြှင့်ပြီးတော့   ပေးသင့်တယ်။ နောက်တစ်ခါချေးငွေပြန်ဆပ်တဲ့အချိန်ကာလကိုတိုးမြှင့်ပေးဖို့၊ သီးနှံပေါ်ချိန်မှာ ပြန်ဆပ်ရရင်အလုအယက် ရောင်းပြီးတော့ဈေးနှိမ်ခံရတဲ့ဟာမျိုး မဖြစ်ရအောင် အချိန်ကာလကို နည်းနည်းလေးတိုးပြီးတော့ တောင်သူလယ်သမားတွေ ဈေးကောင်းရအောင်ရောင်းပြီးတော့မှ ပြန်ဆပ်တဲ့ဟာမျိုး လုပ်ပေးဖို့ဒါတွေကိုအကြံပြုတယ်။" ဟု ဦးရဲမင်းအောင်က ဆက်ပြောပါတယ်။

စိုက်ပျိုးစားရိတ်ချေးငွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကအခုနှစ် မိုးစပါးစိုက်ပျိုးရာသီကနေစပြီးအရင် တစ်ဧက ၁ သိန်းချေးပေးနေတာကနေ ၅ သောင်းကျပ် တိုးမြှုင့်ပြီးကျပ် ၁ သိန်းခွဲ အထိချေးပေးသွားဖို့ ရှိနေပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေမိုးစပါးချေးငွေ အတွက် ကျပ်ဘီလီယံ ၁၄၀၀ ကျော်ချေးပေးဖို့ လျာထားပြီးအရင်ဘဏ္ဍာ နှစ်ထက်ကိုကျပ်ဘီလီယံ ၃၀၀ ကျော် တိုးမြှင့် ထားတာလည်း ဖြစ်ပါတယ်။

ဈေးကွက်တင်ပို့မှုအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် ပြည်ပတင် ပို့မှုပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကိုမှီခိုနေရတာဖြစ်ပြီး ဆန်စပါးအသင်းချုပ်အနေနဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို မျှဝေတင်ပို့တင်ပို့သွားနိုင်မယ့် အခြေအနေမျိုးဖြစ်အောင် ဦးစားပေးဆောင်ရွက် နိုင်ဖို့ အစိုးရကိုတင်ပြထားတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly