ရောဂါကပ်ဆိုးတစ်ခု ကျရောက်လာခဲ့ပါက အရန်သင့်ထုတ်သုံးနိုင်ရန် ဒေါ်လာ သန်း ၅၀၀ ရန်ပုံငွေတစ်ရပ် ကမ္ဘာ့ဘဏ် ထူထောင်မည်

ရောဂါကပ်ဆိုးတစ်ခု ကျရောက်လာခဲ့ပါက အရန်သင့်ထုတ်သုံးနိုင်ရန် ဒေါ်လာ သန်း ၅၀၀ ရန်ပုံငွေတစ်ရပ် ကမ္ဘာ့ဘဏ် ထူထောင်မည်

မေ ၂၁ ။              ။ ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့် ဆင်းရဲသော နိုင်ငံများတွင် ဖြစ်ပွားတတ်သည့် ရောဂါဆိုးကြီးတစ်ခု ကျရောက်လာပါက အရေးပေါ်တိုက်ဖျက်ရေးအတွက် အလျင်အမြန်ငွေထုတ်ပေးနိုင်ရန် ကန်ဒေါ်လာ သန်း ၅၀၀ ရှိ ရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်သည်။

ကမ္ဘာ့ဘဏ်၏ အဆိုပါ ရန်ပုံငွေထဲသို့ ကန်ဒေါ်လာ သန်း ၅၀ ဦးစွာ ထည့်ဝင်မည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံက ကတိပြု ပြောကြားသွားခဲ့သည်။

အကယ်၍ ရောဂါကပ်ဆိုးကြီးတစ်ခု ကျရောက်လာခဲ့ချိန်၌ ယင်းရန်ပုံငွေထဲမှ ငွေကြေးများကို ထိခိုက်ခံစားနေရသည့် ဆင်းရဲသော နိုင်ငံများထံသို့ အလျင်အမြန်ထုတ်ပေးသွားနိုင်ရန် စီစဉ်ထားကြောင်း ကမ္ဘာ့ဘဏ်ကပြောသည်။ အလားတူ ယင်းအခြေအနေများအတွင်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများကိုလည်း ဘဏ္ဍာရေးပိုင်း အဆင်ပြေနေစေရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုအပေါ် နိုင်ငံတကာအတိုင်းအတာအားဖြင့် တုန့်ပြန် တိုက်ဖျက်မှုပိုင်း နှေးကွေးခဲ့ရခြင်းကို သင်ခန်းစာယူကာ ယခုကဲ့သို့ ကမ္ဘာ့ဘဏ်က အရေးပေါ် ရန်ပုံငွေတစ်ရပ်ထူထောင်ရခြင်းဖြစ်ကြောင်း သိရသည်။ အီဘိုလာ ရောဂါ ဖြစ်ပွားခဲ့စဉ်က ကူးစက်ခံ နိုင်ငံများထံသို့ ထောက်ပံ့ငွေကြေးများ ရောက်ရှိနိုင်ရန် လပေါင်းများစွာကြန့်ကြာနေခဲ့ရပြီးနောက် သေဆုံးသူဦးရမှာလည်း တစ်ဟုန်ထိုး မြင့်တက်ခဲ့ရသည်ကိုလည်း တွေ့နိုင်သည်။

" အာဖရိက အနောက်ပိုင်းမှာ အီဘိုလာ ကပ်ဆိုး ကျရောက်တုန်းကဆို တကယ့်ဝမ်းနည်းစရာပါပဲ၊ ကျွန်တော်တို့ဆီမှာ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားတာတွေ မရှိခဲ့ပါဘူး၊ အီဘိုလာက ကမ္ဘာကြီးကို လှုပ်နှိုးလိုက်သလိုပါပဲ" ဟု ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်ယုန်ကင်က ပြောသည်။

" ကျွန်တော်တို့ဟာ ဟာရီကိန်းမုန်တိုင်းတို့၊ ငလျင်တို့ကို အရှိန်လျော့ကျသွားအောင်တော့ မလုပ်နိုင်ပေမယ့် ဒီလိုမျိုး ရောဂါကပ်ဘေးကျရောက်ရင်တော့ အရှိန်လျော့အောင်လုပ်နိုင်ပါတယ်၊ ဖြစ်ဖြစ်ချင်းမှာပဲ ငွေအလုံအလောက် တိုက်ရိုက်ထုတ်ပေးနိုင်မယ်ဆိုရင် လူ့အသက်ပေါင်းများစွာရော၊ စီးပွားရေးပိုင်းကိုရော ကျွန်တော်တို့ ကယ်တင်နိုင်ပါလိမ့်မယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly