ဘရန်ဒန်ရော်ဂျာကို တစ်နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ဆဲလ်တစ် ခန့်အပ်

ဘရန်ဒန်ရော်ဂျာကို တစ်နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ဆဲလ်တစ် ခန့်အပ်

မေ ၂၁ ။               ။ စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်းသည် လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသော ရော်ဂျာကို ဆဲလ်တစ်အသင်းက ၁၂ လ စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ရော်ဂျာသည် လုပ်ခလစာငွေ ပေါင် ၁ ဒသမ ၇ သန်း ရရှိမည်ဖြစ်ပြီး ထိုပမာဏမှာ ဆဲလ်တစ်အသင်း၏ သမိုင်းတွင် နည်းပြတစ်ဦးအတွက် အမြင့်ဆုံးလစာငွေ ဖြစ်သည်။

'ဆဲလ်တစ်နည်းပြ ဖြစ်လာရလို့ အလွန်ဝမ်းသာပါတယ်။ ဒါက ကြီးမားတဲ့ ဂုဏ်ပြုမှု တစ်ခုပါပဲ။ ဆဲလ်တစ်အသင်းနဲ့ ပရိသတ်တွေအတွက် ကျွန်တော်လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမှာပါ။

ဆဲလ်တစ်အသင်းက အောင်မြင်မှုတွေ အမြဲရနေတဲ့အသင်းပါ။ အခု ကျွန်တော့်ရည်မှန်းချက်ကတော့ အောင်မြင်မှုတွေရရှိအောင် ဆက်လက်လုပ်ဆောင်သွားပြီး ဥရောပမှာ ဆဲလ်တစ်ရဲ့ အမှတ်တံဆိပ်ကို ပြန်လည်ပြသနိုင်ဖို့ပါ' ဟု ဘရန်ဒန်ရော်ဂျာက ပြောဆိုခဲ့သည်။

မြောက်အိုင်ယာလန်လူမျိုးနည်းပြ ရော်ဂျာသည် ချယ်လ်ဆီးလူငယ်အသင်း၊ ဝက်ဖို့ဒ်၊ ရီးဒင်း၊ ဆွမ်ဆီးနှင့် လီဗာပူးလ်အသင်းများကို နည်းပြခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly