ဆီးရီးယားတွင် ပူးတွဲ လေကြောင်းစစ်ဆင်ရေး ဆင်နွှဲရန် ရုရှားက ကမ်းလှမ်းသော်လည်း အမေရိကန် ပယ်ချ

ဆီးရီးယားတွင် ပူးတွဲ လေကြောင်းစစ်ဆင်ရေး ဆင်နွှဲရန် ရုရှားက ကမ်းလှမ်းသော်လည်း အမေရိကန် ပယ်ချ

မေ ၂၁ ။               ။ လာမည့် သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတွင်းရှိ စစ်သွေးကြွများအပေါ် လေကြောင်းစစ်ဆင်ရေးများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရာတွင် အမေရိကန်ပါဝင်ပေးရန် ရုရှားက မေလ ၂၀ ရက်မှာ ကမ်းလှမ်းပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင်ဖော်ပြသည်။ သို့ရာတွင် ယင်းကမ်းလှမ်းချက်ကို အမေရိကန်က ရုတ်ခြည်းပင် ပယ်ချသွားခဲ့သည်ဟု သိရသည်။

" မေလ ၂၅ ရက်ကစလို့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွတွေကို ရုရှားလေတပ်နဲ့ ညွှန့်ပေါင်းလေတပ် တွေ နဲ့အတူ ပူးတွဲလေကြောင်းစစ်ဆင်ရေးတွေမှာ အမေရိကန်ကို ပါဝင်ဖို့ ကျွန်တော်တို့ဘက်က ကမ်းလှမ်းခဲ့ပါတယ်" ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မော်စကိုနှင့် ဝါရှင်တန် အစိုးရတို့ ကြားဝင်စေ့စပ်ပေးထားခဲ့သော အပစ်ရပ်သဘောတူညီမှုကို ပျက်ပြားစေရန်လုပ်ဆောင်နေသည့် အယ်လ်နျူဆရာ အဖွဲ့ နှင့်အခြား လက်နက်ကိုင်အုပ်စု တို့ကို ယခု လေကြောင်းစစ်ဆင်ရေးများတွင် တိုက်ခိုက်သွားမည်ဟု သိရသည်။

အလားတူ ပူးတွဲစစ်ဆင်ရေးများတွင် ဆီးရီးယား-တူရကီ နယ်စပ်တစ်လျှောက် တရားမဝင် လက်နက်နှင့် ခဲယမ်းများ သယ်ယူပု့ိဆောင်နေသော ယာဉ်တန်းများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟုလည်း ဆာဂျီ ရှိုဂူက ပြောသွားသည်။

သို့ရာတွင် ယခုကဲ့သို့ ရုရုား၏ ကမ်းလှမ်းချက်ကို လက်မခံကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ကြီး ဂျက်ဖ် ဒေးဗစ်က ဆိုသည်။ "အမေရိကန် စစ်တပ်အနေနဲ့ ဆီးရီးယားမှာ ရုရှားနဲ့ ပူးတွဲပြီးတော့ စစ်ဆင်ရေးတွေလုပ်မှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောသွားသည်။

ဆီးရီးယားအပစ်ရပ် သဘောတူညီချက်အပေါ် အများဆုံးချိုးဖောက်နေသူများက မော်စကိုအစိုးရထောက်ခံနေသော အာဆတ်အစိုးရဘက်က ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကလည်း ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly