အိမ်ဖြူတော်ရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

အိမ်ဖြူတော်ရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

ဝါရှင်တန်၊ မေ ၂၁ ။            ။ အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဖက်တွင် လက်နက်ကိုင်တစ်ဦးအား တန်ပြန်ထောက်လှမ်းရေးအေဂျင့်က ပစ်ခတ်လိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

အိမ်ဖြူတော်အနီးက လုံခြုံရေးဂိတ်စခန်းအနီးတွင် သေနတ်ဝှေ့ယမ်းရောက်ရှိလာသည့် အမျိုးသားတစ်ဦးကို အေဂျင့်များက ဝမ်းဗိုက်အား ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက အေဘီစီသတင်းဌာနသို့ ပြောသည်။

မေ ၂၀ ရက်က ဖြစ်ပွားသည့် အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် အိမ်ဖြူတော်ကို ယာယီပိတ်ခဲ့ရသည်။ ယင်းအချိန်က သမ္မတအိုဘားမားမှာ မာရီလန်းတွင် ဂေါက်သီးရိုက်နေခြင်းဖြစ်ကြောင့် သိရသည်။

အဆိုပါ သေနတ်ကိုင်အမျိုးသားမှာ ပြင်းထန်သည့်ဒဏ်ရာကြောင့် ဆေးရုံတင်ပို့ထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ချိန်တွင် အိမ်ဖြူတော်အတွင်း ဒုတိယသမ္မတဂျိုးဘိုင်ဒင်ရှိနေရာ သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၎င်းအားလုံခြုံရေးဧရိယာသို့ အမြန်ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ဖြူတော်အတွက် လုံခြုံရေးမတော်တဆမှုများ တော်တော်များများဖြစ်လာခဲ့၍ အိမ်ဖြူတော်ဝင်းအား ပြင်ဆင်မှုများလည်း ပြုလုပ်ခဲ့ရသည်။

ဧပြီလအတွင်းက အိမ်ဖြူတော်စည်းရိုးအား ကျော်တက်သူတစ်ဦးကို တန်ပြန်ထောက်လှမ်းရေးအေဂျင့်များက ဖမ်းဆီးခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း အီရတ်စစ်ပြန် အိုမာဂွန်ဇယ်လက်ဇ်ဆိုသူ အိမ်ဖြူတော်ခြံစည်းရိုးကို ကျော်တက်ကာ အတွင်းသို့ ဓားတစ်ချောင်းဖြင့် ပြေးဝင်လာခဲ့မှုဖြစ်ပွားသည်။

၂၀၁၃ ခုနှစ်တွင် ဂျစ်ကားဖြင့် ဓားနှင့် သေနတ်များ တင်ဆောင်လာသူတစ်ဦး လုံခြုံရေးဂိတ်ကို အတင်းဖြတ်ကျော် ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly