ဆိုင်ကလုန်းမုန်တိုင်း ရွန်နုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူနှစ်သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း

ဆိုင်ကလုန်းမုန်တိုင်း ရွန်နုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူနှစ်သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း

ဒါကာ၊ မေ ၂၁။              ။ ဆိုင်ကလုန်းမုန်တိုင်း ရွန်နုသည် မေ ၂၀ ရက်ညနေပိုင်း၌ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာမည်ဖြစ်၍ ဘင်္ဂလားဒေ့ရှ်က ကမ်းခြေနေပြည်သူ   နှစ်သန်းနီးပါး နေရပ်ပြောင်းရွှေ့ရသည်။

ယင်းမုန်တိုင်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကိုလည်း အဖျားခတ်ကာ သီရိလင်္ကာတွင်လည်း ယခုသီတင်းပတ်၌ မိုးများသည်းထန်စွာရွာသွန်းမှုကိုဖြစ်ပေါ်စေ၍ မြေပြိုမှု၊   ရေလွှမ်းမှုများဖြစ်ကာ   သေဆုံးသူပေါင်း ၁၅၀ ဝန်းကျင်အထိ ရှိခဲ့သည်။ လူပေါင်း ၂၂၃၀၀၀ လည်း နေအိမ်စွန့်ခွာထွက်ပြေးရသည်။

"ဘင်္ဂလားဒေ့ရှ်ကမ်းခြေကုန်နိမ့်ပိုင်းခရိုင်တွေက ပုံမှန်လှိုင်းထက် လေးငါးပေမြင့်တဲ့ ပင်လယ်လှိုင်းတွေ ဖုံးလွှမ်းဝင်ရောက်နိုင်ဖွယ်ရှိတယ်။"ဟု ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာနက ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

မုန်တိုင်းမျက်စိမှ ဝေးရာသို့ ပြည်သူတွေကို ပြောင်းရွှေ့ချထားပေးခြင်းအပါအဝင် လုပ်စရာရှိသည်များ ကြိုတင်လုပ်ဆောင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝဘေးဝန်ကြီးဌာန အတွင်းဝန် မိုဟာမတ်ရှာမာမယ်က ပြောသည်။ အိန္ဒိယနိုင်ငံ အန်ဒဟာပရာဒေ့ရှ်ပြည်နယ်၌လည်း ကုန်းနိမ့်ဒေသနေထိုင်သူများအား ရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်ကာလများအတွင်း ဆိုးဝါးသည့် သဘာဝဘေးများကို ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဆိုင်ကလုန်းမုန်တိုင်းဆီဒါတိုက်ခတ်၍ လူပေါင်း ၃၀၀၀ ကျော်ထက်မနည်းသေဆုံးခဲ့ကာ ၂၀၀၉ ခုနှစ်အတွင်းကလည်း ဆိုင်ကလုန်အီလာမုန်တိုင်းတိုက်၍ လူ ၂၀၀ နီးပါး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly