လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂများ ထိရောက်မှန်ကန်မြန်ဆန်စွာ ဖွဲ့စည်းထူထောင်ခွင့်

လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂများ ထိရောက်မှန်ကန်မြန်ဆန်စွာ ဖွဲ့စည်းထူထောင်ခွင့်

ကျနော်တို့နိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား လယ်သမားသမဂ္ဂတွေ ချုပ်ငြိမ်းသွားခဲ့တာ ကြာပါပြီ။ ကြာဆို နှစ်ပေါင်း ခြောက်ဆယ်ဝန်းကျင် ရှိပါပြီ။ ဒါတောင်မှ ၁၉၅၈ ကြားနေအစိုးရလို့ အမွှန်းတင်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ပထမအကြိမ် အာဏာရစဉ်က အချိန်ကို ထည့်တွက်သေး တာမဟုတ်ပါဘူး။

အလုပ်သမားသမဂ္ဂတွေ ဘာ့ကြောင့် ရှိဖို့လိုအပ်သလဲ။ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့၊ အလုပ်သမားတွေ အရည်အချင်းမြင့်ဖို့နဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားတဲ့အခါ အလုပ်သမား များကို ကိုယ်စားပြုပြီး အလုပ်သမားသမဂ္ဂက ဝင်ရောက်ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စရပ်များအတွက် လိုအပ်တာပါ။ အတိုချုပ်ပြောရရင်တော့ အလုပ်သမားသမဂ္ဂဆိုတာ အလုပ်သမားထုရဲ့ ကိုယ်စား လှယ်ပါပဲ။

အလုပ်သမားသမဂ္ဂတွေကို အာဏာရှင်တွေက မလိုလားကြပါဘူး။ ဘာပြုလို့လည်းဆိုတော့ လူတစ်စုကောင်းစားရေးနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့လူတွေဘက်ကပဲ ရပ်တည်တဲ့ အာဏာရှင်များ ဖြစ်တာမို့ အလုပ်သမားထုအကျိုးဆောင်ရွက်ရတဲ့ အလုပ်သမားသမဂ္ဂကို မလိုလားကြတာပါပဲ။ ဒီတော့ အာဏာရှင်နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂဆိုတာ မရှိသလောက်ဖြစ်ပြီး ရှိပြန်ရင်လည်း သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ အမည်ခံ အလုပ်သမားသမဂ္ဂတွေပဲ ဖြစ်ခဲ့ပါတယ်။

မနေ့တနေ့ကဆိုရင် စစ်ကိုင်းသစ်ချော အထည်စက်ရုံက အလုပ်သမားတွေကို နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွင်ဂိတ်မှာ ရဲများက တားဆီးဟန့်တား လူစုခွဲ ဖမ်းဆီးခဲ့ပါတယ်။ ဒီအလုပ် သမားတွေဟာ စက်ရုံရှေ့မှာ ဆန္ဒပြနေတာ တစ်လနီးပါးကြာမြင့်ခဲ့ပြီးသည့်တိုင် လိုလားချက်တွေ မရရှိလို့ အခုလို နေပြည်တော်အထိ ခြေလျင်ချီတက် ဆန္ဒပြဖို့ ကြိုးစားခဲ့ကြသူတွေပါပဲ။

အလုပ်သမားတွေက ဘယ်လိုတောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြသလဲ။ အစိုးရ တာဝန်ရှိသူ တွေက  ဘာပြုလို့ကြားဝင်ဆောင်ရွက်ပေးဖို့ လက်နှေးခဲ့ကြတာလဲ။ စက်ရုံပိုင်ရှင်ဘက်ကရော ဘာပြု လို့ စေ့စပ်ညှိနှိုင်းဆောင်ရွက်တဲ့အလုပ်ကို မလုပ်ခဲ့တာလဲ။ ဒါတွေကတော့ အချိန်ကြာမြင့်လာတာ နဲ့အမျှ အဖြေထွက်လာမှာဖြစ်ပေမယ့် အခုလို အင်အားသုံး လူစုခွဲ ဖမ်းဆီးရတဲ့အထိ ဖြစ်လာရတာ ကတော့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

အထူးသဖြင့် ပြည်သူတွေအပေါ် မေတ္တာ၊ တိုင်းပြည်အပေါ် သစ္စာဆိုတဲ့စကားပြောဆို ညွှန်ကြားခဲ့တဲ့ လူထုခေါင်ဆောင်နဲ့ လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာတော့ အမှန်ပါပဲ။ ဘယ်လို ပဲဖြစ်ပစေ ဖြေရှင်းဖို့ အချိန်နှောင်းခဲ့တာနဲ့ အခုလို အစုအပြုံလိုက် ဖမ်းဆီးအရေးယူတဲ့ အလုပ်မျိုးကို တော့ မဖြစ်သင့်ဘူးလို့ ပြောရမှာပါ။ အလုပ်သမားတွေအပေါ် မေတ္တာနဲ့ဆက်ဆံရမှာဖြစ်ပြီး အလုပ်သ မားထုဘက်က ရပ်တည်တဲ့ရပ်တည်ချက်မျိုးနဲ့ မူအားဖြင့် ဖြေရှင်းရမှာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်အပေါ် မူတည်ပြီး အလုပ်သမားတွေဘက်ကရော တာဝန်ရှိသူတွေဘက်ကရော လူထုရဲ့အမြင်တွေဟာ နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ တချို့က အလုပ်သမားတွေဘက်က ရပ်တည်ပြော ဆိုကြပြီး တချို့ကတော့ အစိုးရတာဝန်ရှိသူတွေဘက်က ရပ်တည်ဝေဖန်ကြတာ တွေ့ကြရပါတယ်။ ယခင်တုန်းကလို တဖက်ဖက်က အပြတ်အသတ်ရပ်တည်ကြတာမျိုးမရှိတာကိုလည်း တွေ့လာရ ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားတွေ အခုလို လမ်းလျှောက်ဆန္ဒပြကြရတာ၊ အစုအပြုံလိုက် ဖမ်းဆီးအရေးယူခံကြရတာကတော့ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီလိုဖြေရှင်းဆောင်ရွက်ပုံမျိုးက အလုပ်သမားတွေရဲ့ပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပေးရာမရောက်တဲ့အပြင် ပြဿ နာတွေ တိုးလာအောင်လုပ်တဲ့နည်းလို့တောင် ပြောလို့ရပါတယ်။

အတိုချုပ်ရမယ်ဆိုရင်တော့ အလုပ်သမား အလုပ်ရှင်ပြဿနာကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေတော့ လိုအပ်နေပြီဆိုတာ ထင်ရှားလာပါ တယ်။ ဒီလိုပြဿနာမျိုးတွေဟာ အလုပ်သမားထုကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ တာဝန်ရှိ သူတွေ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းတွေ ရလာမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထူထောင်ခွင့်ကို ဥပဒေအရ တိတိ ကျကျ မြန်မြန်ဆန်ဆန် လက်တွေ့ကျကျ ခွင့်ပြုကြရတော့မှာဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂများ သည့်ထက် လက်တွေ့ကျစွာ၊ ကျယ်ပြန့်စွာ၊ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိလာလေလေ အလုပ်သ မားပြဿနာများကို အကျိုးရှိရှိ ဖြေရှင်းဆောင်ရွက်သွားနိုင်လိမ့်မယ်လို့မြင်ကြောင်း မဇ္ဈိမက အကြံပြု လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly