အူရီဒူး၏ 4G Plus ဝန်ဆောင်မှု ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် သုံးနိုင်ပြီ

အူရီဒူး၏ 4G Plus ဝန်ဆောင်မှု ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် သုံးနိုင်ပြီ
ဓာတ်ပုံ-ဘိုဘို

ရန်ကုန်၊ မေ ၂၀ ။  ။ အူရီဒူးမြန်မာမှ ပြည်တွင်းပထမဆုံး 4G Plus ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်မြို့များတွင် စတင်လိုက်ပြီဖြစ်သည်။ 

"4G ဆိုတဲ့အတွက် 3Gထက်ပိုမြန်တယ်။ 2Gဆိုရင်တော့ယှဉ်စရာမလိုတော့ဘူး။ ဒါပေမယ့် 4Gသုံးနိုင်တဲ့ ဟန်းဆက်အချင်းချင်းတောင်မှ high-endဖြစ်လေ လိုင်းဆွဲအားကောင်းမှာပဲ။" ဟု Ooredoo မြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Mr. Rene Meza က မေ ၂၀ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

အဆိုပါ ဝန်ဆောင်မှုကို 4Gကွန်ယက်အသုံးပြုနိုင်သော ဖုန်းဟန်းဆက်များဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဤသို့ အသုံးပြုနိုင်ရန် အတွက်လည်း ရှုပ်ထွေးသောဈေးနှုန်း အစီအစဉ်များကို ဖန်တီးမထားဟု ဆိုသည်။

4G Plusဝန်ဆောင်မှုကို လက်ရှိတွင် အစိုးရ၏ခွင့်ပြုချက်အရ ရန်ကုန်မြို့တွင် ၅၀%၊ မန္တလေးမြို့တွင် ၁၀၀% နှင့် နေပြည်တော်မြို့တွင် ၈၈%သော မြို့နယ်များတွင် စတင်သုံးစွဲနိုင်ပြီဖြစ်သည်။ ကနဦးအဆင့်သာ ဖြစ်သေးသော်လည်း တစ်ပြည်လုံးကို လွှမ်းခြုံနိုင်အောင် ဆက်လက်ကြိုးစားသွားမည်ဟု Mr.Mezaက ဆိုသည်။

Ooredoo ဆင်းကတ် ၁၀၀ရာခိုင်နှုန်းသည် 4Gကို အသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သုံးစွဲသူများအနေဖြင့် မိမိတို့ကတ်များကို လဲလှယ်ရန် အရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်းရန် မလိုအပ်ကြောင်း၊ ဖုန်း setting မှတဆင့် 4Gကို ပြောင်းလဲသုံးစွဲနိုင်ကြောင်း သိရသည်။ 

အဆိုပါဝန်ဆောင်မှုကို ဟန်းဆက်များတွင် ရယူအသုံးပြုနိုင်သော နည်းလမ်းများနှင့် အခြားအသုံးဝင်သော လမ်းညွှန်ချက်များကို Ooredooမြန်မာ၏ Facebookစာမျက်နှာတွင် ဖော်ပြသွားမည်ဟု Ooredooမြန်မာ၏ Marketing & Communications Director ဒေါ်ပွင့်ဦးဆွေက အသိပေးသည်။

4G Plusဝန်ဆောင်မှု အသုံးပြုသူများသည် Ooredoo၏ “Facebook Plus” ကမ်းလှမ်းချက်ကို ဆက်လက်ရယူအသုံးပြုနိုင်မည် ဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့် နှင့် Facebookကို 1MBလျှင် (၃)ကျပ်နှုန်းဖြင့် ဆက်လက်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ 

အစိုးရဆီက ခွင့်ပြုချက်မြန်လျှင် မြန်သကဲ့သို့ 4Gကွန်ယက်ကို တိုးချဲ့သွားမှာဖြစ်ကြောင်း၊ ယခုလက်ရှိ တာဝါတိုင် ၄၅၀၀ခန့်တွင် ၂၅%မှာ 4G ဝန်ဆောင်မှု ပေးနိုင်ပြီဖြစ်ကြောင်း ဒေါ်ပွင့်ဦးဆွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags