ပျက်ကျခဲ့သည့် အီဂျစ် လေယာဉ်မှ အပျက်အစီးများ စတင်တွေ့ရှိပြီ

ပျက်ကျခဲ့သည့် အီဂျစ် လေယာဉ်မှ အပျက်အစီးများ စတင်တွေ့ရှိပြီ

မေ ၂၀ ။                   ။ ယမန်နေ့က ပါရီမှာ ကိုင်ရိုသို့ ပျံသန်းရာ လမ်းခရီးတွင် ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းလိုင်းမှ လေယာဉ် MS804 မှ အပျက်အစီးအချို့ကို မြေထဲပင်လယ်တွင် ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း အီဂျစ် စစ်တပ်နှင့်အမျိုးသားလေကြောင်းလိုင်းက အတည်ပြုပြောကြားသည်။

အီဂျစ်နိုင်ငံ အလက်ဇန်ဒရီယား ကမ်းရိုးတန်း အပြင်ဘက် ကီလိုမီတာ ၂၉၀ (၁၈၀ မိုင်) အကွာနေရာတွင် လေယာဉ်အပျက်အစီးအချို့နှင့် ခရီးသည်များ၏ ခရီးဆောင် ပစ္စည်းများကို   ပြန်လည်ရှာဖွေတွေ့ရှိထားပြီဟု အီဂျစ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ဆက်လက်၍ လေယာဉ် ဘလက်ဘောက် အား ရှာတွေ့ရန်ကြိုးပမ်းနေကြပြီဖြစ်သည်။

လေယာဉ်အမှတ် MS804 သည် ပြင်သစ်မှ အီဂျစ်သို့ ပြန်လည်ပျံသန်းလာခဲ့ပြီး ခရီးသည် ၆၆ ဦး နှင့် အမှုထမ်း ဆယ်ဦးတို့ လိုက်ပါလာခဲ့ကာ မေလ ၁၉ ရက်အစောပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်ကို ဂရိ၊ အီဂျစ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့မှ အဖွဲ့များက ဝိုင်းဝန်းစုပေါင်း ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ယခုအချိန်ထိ လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို မသိရသေးသော်လည်း နည်းပညာချို့ယွင်းချက်ထက် အကြမ်းဖက်သမားများ၏ ပစ်ချမှုကြောင့် ပျက်ကျရခြင်းဖြစ်နိုင်ကြောင်း အီဂျစ်အာဏာပိုင်များက ခန့်မှန်းပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly