ဂျပန်ရှိ ကချင်နှင့် အခြားတိုင်းရင်းသားများက သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

ဂျပန်ရှိ ကချင်နှင့် အခြားတိုင်းရင်းသားများက သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

ချင်းမိုင်၊ (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ကချင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပေါင်းစုံက သမ္မတ ဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြခဲ့သည်ဟု ကချင်အမျိုးသား အစည်းအရုံး(KNO) တာဝန်ခံ ဦးမရန်ဇော်လာက ပြောသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ မဲခေါင်ဒေသတွင်း နိုင်ငံများ အစည်းအဝေးခန်းမရှေ့တွင် ဇူလိုင် ၄ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကချင်တိုင်းရင်းသားများ၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် လူထု ၇၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဦးမရန်ဇော်လာက “ကျွန်တော်တို့ ကချင်တွေ ပါဝင်တာက ဒီနေ့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာမှာက ငြိမ်းချမ်းရေး လုပ်ဆောင်နေပြီးတော့ ကျွန်တော်တို့ ဒေသဘက်မှာကျတော့ တိုက်ခိုက်နေလို့ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်” ဟု ပြောသည်။

ကချင်ဒေသ အပါအဝင် တိုင်းရင်းသားဒေသများတွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန်၊ မတရားဖမ်းဆီးထားသော ကျောင်းသားများအား ချက်ချင်းလွှတ်ပေးရန်၊ ရှေ့တန်းတွင် တိုးမြင့်ချထားသော အစိုးရ စစ်တပ်များကို ဆုတ်ခွာပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်တို့ကို အဓိက တောင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ဂျပန်နိုင်ငံက မဲခေါင်ဒေသနိုင်ငံများအတွက် ဖွံ့ဖြိုးရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် တိုးမြှင့်ထောက်ပံ့မည်ဟုလည်း ဇူလိုင်လ ၄ ရက်က ပြောကြားလိုက်သည်။ သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၄ ရက်တွင် စတင်ကျင်းပမည့် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly