ထိုင်ဝမ်တွင် ပထမဆုံးအမျိုးသမီးသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

ထိုင်ဝမ်တွင် ပထမဆုံးအမျိုးသမီးသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

မေ ၂၀ ။                  ။  ပြီးခဲ့သည့် ဇန်နဝါရီလကကျင်းပထားခဲ့သည့် ထိုင်ဝမ် သမ္မတရွေးကောက်ပွဲများတွင် အနိုင်ရရှိထားခဲ့သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ဥက္ကဌ ဆိုင်အင်ဝမ်သည် မေလ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီးနောက် ပထမဆုံး အမျိုးသမီး သမ္မတတစ်ဦးဖြစ်လာခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်ရှိကာလတွင် တရုတ်နှင့် ဆက်ဆံရေးပိုင်း အေးခဲလာနေမှုနှင့်အတူ ယခုကဲ့သို့ ဆိုင်အင်ဝမ်  သမ္မတသစ် ဖြစ်လာခဲ့ခြင်းကလည်း ပေကျင်းအစိုးရအတွက် ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီဟု ယူဆရသည်။

ဇန်နဝါရီလရွေးကောက်ပွဲများက DPP ပါတီ အကြီးအကဲအနေဖြင့် အာဏာရ ကူမင်တန်ပါတီအပေါ် အပြတ်အသတ်အနိုင်ရကာ ရွေးကောက်ခံသမ္မတသစ် ဖြစ်လာခဲ့ခြင်းက ယခင် သမ္မတ မာယင်ကျိုး၏ ရှစ်နှစ်တာ အုပ်ချုုပ်မှုကို အဆုံးသတ်စေနိုင်ခဲ့သည်။

မဲဆန္ဒရှင်များ၏ အမြင်တွင် သမ္မတဟောင်း မာ သည် တရုတ်နှင့် ပိုမို နီးကပ်လိုသည့် သဘောထားရှိသည်ဟု ရှုမြင်ထားခဲ့ကြပြီးနောက် ယခုကဲ့သို့ DPP ဘက်သို့ မဲပေးခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ပေကျင်းအစိုးရက ထိုင်ဝမ်အပေါ် ယင်း၏ နယ်မြေတစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားဆဲဖြစ်ကာ တစ်ချိန်ချိန်တွင် တစ်စုတစ်စည်းတည်း   ပြန်လည်ပေါင်းစည်းနိုင်ရေး   စောင့်ဆိုင်းနေသည်ဟု ယူဆရသည်။

မေလ ၂၀ ရက်က အထူးဧည့်သည်တော် ၂၀,၀၀၀ ဖိတ်ကြားကာ သမ္မတ အိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သမ္မတသစ် ဆိုင်အင်ဝမ်နှင့် သမ္မတဟောင်း မာယင်ကျိုးတို့အတူ အိမ်တော်တွင်းမှ ထွက်လာကာ ပြည်သူများကို နှုတ်ဆက်စကားပြောကြားသွားခဲ့သည်။

ဆက်လက်၍ သူမ၏လက်ထက်တွင် တရုတ်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly