ဖီနာဘာချီသို့ပြောင်းရန် ဗန်ပါစီပုဂ္ဂိုလ်ရေးသဘောတူညီမှုရ

ဖီနာဘာချီသို့ပြောင်းရန် ဗန်ပါစီပုဂ္ဂိုလ်ရေးသဘောတူညီမှုရ

ဇူလိုင် ၅၊ မန်ချက်စတာ။ ။ မန်ယူတိုက်စစ်မှူး ဗန်ပါစီသည် ဖီနာဘာချီနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရခဲ့ပြီးနောက် တူရကီစူပါလိဂ်ကလပ်သို့ပြောင်းရန်နီးစပ်နေပြီဟု ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်က အစ္စတန်ဘူလ်သို့ရောက်နေသော ဗန်ပါစီ၏အေးဂျင့် ကီးဗို့စ်သည် တူရကီကလပ်ဖီနာဘာချီနှင့်စာချုပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။

မန်ယူနှင့် ဖီနာဘာချီတို့သည် အသက် ၃၁ နှစ်အရွယ် ဗန်ပါစီ၏ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရထား သည့် ဗန်ပါစီသည် လေးနှစ်စာချုပ်ချုပ်ရန် အသင့်ဖြစ်နေသည်။

ဖီနာဘာချီသို့ပြောင်းရန် ဗန်ပါစီသဘောတူခဲ့ရာ၌ ဖီနာဘာချီကစားသမားဟောင်း ကူရစ်ကအရေးပါခဲ့ဖွယ်ရှိသည်ဟု ဂါးဒီးယန်းသတင်းစာက ယူဆနေသည်။

နယ်သာလန်လက်ရွေးစင်ဟောင်းနှင့် လီဗာပူးလ်ကစားသမားဟောင်း ကူရစ်သည် ဖီနာဘာချီတွင်သုံးနှစ်ကြာကစားခဲ့ပြီး တူရကီစူပါဖလား၊ တူရကီဖလား၊ တူရကီစူပါလီဂါဖလားတို့ကို ရရှိခဲ့သည်။

ဖီနာဘာချီအသင်းသည် ပြီးခဲ့သည့်ရာသီတူရကီစူပါလိဂ်တွင် ဒုတိယရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပလေးအော့ဖ်အဆင့်မှ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရထားသည်။

Ref : theguardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly