ပြည်သူ့အတွက် ပထမ ရက် ၁၀၀

ပြည်သူ့အတွက် ပထမ ရက် ၁၀၀

အင်န်အယ်လ်ဒီအစိုးရသည် လူထု၏ ရွေးချယ်ဖန်တီးမှုဖြင့် ပြည်သူ့အစိုးရအဖြစ် တက်လှမ်း လာခဲ့ခြင်း ဖြစ်သည်။ ပြည်သူအများစု၏ လက်သန်းလေးများ မင်စွန်းခံပြီး လူထုအောင်ပွဲအဖြစ် လူထု ကိုယ်တိုင် အားကြိုးမာန်တက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူများသည် ၎င်းတို့ ကိုယ်စား နိုင်ငံတော်ကို စီမံခန့်ခွဲနိုင်ရန် ငါးနှစ်တာကာလအတွက် အင်န်အယ်လ်ဒီကို အခွင့်အရေး ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အင်န်အယ်လ်ဒီနှင့် ပြည်သူများသည် စစ်အစိုးရအဆက်ဆက် အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း သုံးဆယ်နီးပါး တသားတည်း ပိပြားစွာ ရှင်သန်ခဲ့ရသည်။   လူထုက စစ်အာဏာရှင်များ၏   ပြင်းပြင်းထန်ထန် ဖိနှိပ်မှုအောက်တွင် ငြိမ်ဝပ်စွာဖြင့် ရှင်သန်ခဲ့သော်လည်း မတရားသော လုပ်ဆောင် ချက်များကို အင်န်အယ်လ်ဒီသည် လူထုကိုယ်စား တာဝန်အရ ဖီဆန်ပြီး စစ်အာဏာရှင်များအား နိုင်သလောက် တွန်းလှန်ခဲ့ကြသည်။ လူထုသည် ၎င်းတို့ကိုယ်စား အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော အင်န်အယ်လ်ဒီကို ကျေးဇူးတင်သကဲ့သို့   မကွေမကွာဘဲ တရစပ် ထောက်ခံ အားပေးခဲ့ကြသည်။

ယခုအခါ အင်န်အယ်လ်ဒီအစိုးရနှင့် လွှတ်တော်များကို ပြည်သူများသည် အားရဝမ်းသာစွာဖြင့် ရရှိခဲ့ကြပြီး ဖြစ်သည်။ အင်န်အယ်လ်ဒီ လွှတ်တော်များဆိုလျှင် ဖေဖော်ဝါရီ ၁ မှ စတင်ခဲ့သဖြင့် ယခုအ ခါ ရက်ပေါင်း ၁၀၀ ကာလပင် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းတွင် တက်ကြွစွာဖြင့် ပြည်သူ့အကျိုးအတွက် (ဥပမာ- ရန်ကုန်ဆေးရုံကြီး ဘေးကပ် ရပ်နေရာတွင် ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန် မတရားရယူခဲ့သော မြေနေရာကို ပြည်သူများ အကျိုးအတွက် ပြန်ယူခဲ့ခြင်း) ဆောင်ရွက်လုပ်ဆောင်နေကြသကဲ့သို့ ပြည်သူများမှာလည်း အားရ ကျေနပ်လျှက် ရှိပါသည်။

အင်န်အယ်လ်ဒီအစိုးရကို လူထုသမ္မတ ဦးထင်ကျော်က ဦးဆောင်လျှက်ရှိသည်။ လူထုခေါင်း ဆောင်နှင့် အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများစုက လူထုသမ္မတ အဖြစ် တွေ့မြင်လိုသော်လည်း ပြည်သူများ မလိုလား၊ လက်မခံဘဲ စစ်အာဏာရှင်များက စိတ်ကြိုက် အချိန်ယူ ရေးဆွဲပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကန့်သတ်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်၏နံပါတ် ၂ နေရာ ကိုသာ ရယူဆောင်ရွက်ခဲ့ရသည်။

ယခုအခါ အင်န်အယ်လ်ဒီအစိုးရသည် "ပြည်သူ့အတွက် ပထမ ရက် ၁၀၀" ခေါင်းစဉ်ဖြင့် အစိုးရ၏ ရက် ၁၀၀ စီမံချက်များကို အစိုးရ မီဒီယာများမှတဆင့် ပြည်သူများထံ ထုတ်ဖော်တင်ပြ အသိပေးလာသည်ကို တွေ့ရပါသည်။ အစိုးရအနေဖြင့် ရက် ၁၀၀ အတွင်း ဆောင်ရွက်နိုင်သမျှကို ပြည်သူ့ထံ တင်ပြခြင်းဖြစ်ပြီး၊ အစိုးရသက်တမ်း ငါးနှစ်အတွင်း ဆက်လက် ဆောင်ရွက်ရမည်များ လည်း ဖြစ်နိုင်ပါသည်။

ပြည်သူအများစုမှာ အင်န်အယ်လ်ဒီ လုပ်ဆောင်သမျှကို ထောက်ခံပြီးဖြစ်ရာ တတ်နိုင်သမျှ သပ်သပ်ရပ်ရပ် တိတိကျကျနှင့် အလေအလွင့်နည်းစေရန် ဆောင်ရွက်ရမည်သာ ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုရှနိုင်ငံတွင် ကျင်းပမည့် အာဆီယံ-ရုရှ ထိပ်သီးအစည်းအဝေးကိုပင် လူထုသမ္မတ ဦးထင်ကျော်နှင့် အတူတကွ မတက်ရောက် နိုင်ဘဲ ၂၁ ရာစု ပင်လုံညီလာခံကို တတ်နိုင်သမျှ စောလျင်စွာ ကျင်းပနိုင်ရေးအတွက် အားထုတ် ကြိုးပမ်းနေသည်ကို တွေ့ရသည်မှာ ကမ္ဘာ့အရှည်လျားဆုံး မြန်မာ့ပြည်တွင်းစစ်ကြီး ရပ်ဆိုင်းပြီး မြန်မာ့ ငြိမ်းချမ်းရေး အမြန်ဆုံး ထွန်းကားလာစေရန် အလားအလာကောင်းဟု ပြည်သူအများက တွေးထင် နေကြပါသည်။

အင်န်အယ်လ်ဒီသည် လက်ရှိတွင် မြန်မာပြည်သူအများကို မျက်နှာမူထားသည်ဖြစ်ရာ အစိုးရ သစ်၏ ပျားရည်ဆမ်းကာလ ပထမ ရက် ၁၀၀ အတွင်းမှာပင် အောင်ပွဲခံ သာယာမိန်းမောမနေဘဲ ရက် ၁၀၀ အတွင်း ပြည်သူများ ကျေနပ်ဝမ်းမြောက်စေရန်နှင့် ထင်သာမြင်သာ အပြောင်းအလဲများကို လက်တွေ့မျက်တွေ့ မြင်သာခံစားနိုင်ရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဖွယ်   တွေ့ရှိရပါသည်။

ပြည်သူ့အတွက် ပထမ ရက် ၁၀၀ ၏ ဟိုမှာဘက်တွင်လည်း မြန်မာ့ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရန်နှင့် ကမ္ဘာ့အလယ် တင့်တယ်သော အဆင့်အတန်းမြင့် မြန်မာဖြစ်စေရန် အင်န်အယ်လ်ဒီက ဆက်လက် ဆောင်ရွက်ပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly