တောင်တရုတ်ပင်လယ်၌ အမေရိကန်ကင်းထောက်လေယာဉ်အား တရုတ်လေယာဉ်များ ကြားဖြတ်

တောင်တရုတ်ပင်လယ်၌ အမေရိကန်ကင်းထောက်လေယာဉ်အား တရုတ်လေယာဉ်များ ကြားဖြတ်

ဝါရှင်တန်၊ မေ ၁၉ ။           ။ တောင်တရုတ်ပင်လယ်တွင် တရုတ်လေယာဉ်နှစ်စင်းက အမေရိကန်စစ်ဖက်လေယာဉ်ကို အန္တရာယ်များစွာ ကြားဖြတ်ပျံသန်းခဲ့ကြောင်း ပင်တဂွန်က ပြောသည်။

 ယင်းဖြစ်ရပ်သည် အမေရိကန်ကင်းထောက်လေယာဉ်က ပုံမှန်ကင်းလှည့်ပျံသန်းမှု လုပ်ဆောင်စဉ် မေ ၁၇ ရက်တွင် နိုင်ငံတကာဝေဟင်ပိုင်နက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ဖြည့်စွက်ပြောသည်။

 တောင်တရုတ်ပင်လယ်အရေးတွင် ပြီးခဲ့သည့်ကာလများအတွင်း စစ်ရေးလုပ်ဆောင်မှုများကြောင့် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ ရှိနေသည်။

 လေယာဉ်ချင်း မတိုက်မိအောင် အမေရိကန်လေယာဉ်မှူးက ပေ ၂၀၀ ခန့်အထိ နိမ့်ဆင်းပျံသန်းခဲ့ရကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား အေပီသတင်းက ဖော်ပြသည်။

 စစ်ဖက်နှင့် သံတမန်ဖက် နှစ်ဖက်စလုံးမှ ယင်းကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 တောင်တရုတ်ပင်လယ်တွင် တရုတ်က အရေးကြီးသည့် ရေလမ်းကြောင်းတွင် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေကြောင်း အမေရိကန်က စွပ်စွဲထားသည်။

 တရုတ်ကလည်း တုံ့ပြန်ပြီး အမေရိကန်သည် အာရှတွင် ရေတပ်ကင်းလှည့်ခြင်းများနှင့် လေ့ကျင်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြန်လည်ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly