အမေရိကန် Liberal Arts and Sciences တက္ကသိုလ် ပရိုဂရမ် မြန်မာနိုင်ငံတွင် တက်နိုင်ရန် ဖွင့်လှစ်

အမေရိကန် Liberal Arts and Sciences တက္ကသိုလ် ပရိုဂရမ် မြန်မာနိုင်ငံတွင် တက်နိုင်ရန် ဖွင့်လှစ်

ရန်ကုန်၊ မေ ၁၈ ။   ။ အမေရိကန် Liberal Arts and Sciences တက္ကသိုလ် ပရိုဂရမ်ကို မြန်မာနိုင်ငံတွင်ပင် သင်ကြားနိုင်ရန် Connect Institute က ဖွင့်လှစ်မည်ဖြစ်သည်။ 

ပညာသင်နှစ် လေးနှစ်တက်ရောက်ရမည့် အဆိုပါ ပရိုဂရမ်ကို မြန်မာနိုင်ငံရှိ Connect Institute တွင် နှစ်နှစ် သင်ကြားပြီး ကျန်နှစ်နှစ်ကို အမေရိကန်တွင် သွားရောက်တက်ရမည်ဟု သိရသည်။ 

မြန်မာနိုင်ငံ Connect ကျောင်းတွင် အမေရိကန်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက လာရောက်သင်ကြားမည်ဖြစ်ပြီး နှစ်နှစ်အတွင်း semester ၅ခုတက်ရောက်ရမည်ဖြစ်ကာ semester တစ်ခုလျှင် ဒေါ်လာ ၃၅၀၀ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ 

၂နှစ်သင်တန်းပြီးဆုံးပါက ကျန်၂နှစ် ကိုအမေရိကန်ရှိ ချိတ်ဆက်ထားသော တက္ကသိုလ်များသို့ တိုက်ရိုက် တက်ရောက် နိုင်မည်ဖြစ်ပြီး Bachelor Degree ကိုရရှိမည်ဖြစ်သည်။ အဆိုပါသင်တန်း၏ ဝင်ခွင့်စာမေးပွဲကို အပတ်စဉ် စနေနေ့တိုင်းတွင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်းလည်းသိရသည်။

“သမရိုးကျအစဉ်အလာအတိုင်း နှုတ်တိုက်ကျက်မှတ်ပြီး စာမေးပွဲဖြေဆိုခဲ့ရတဲ့ ပညာသင်ယူပြီးမြောက်ခြင်းထက် ကိုယ်ပိုင်ဖန်တီးမှုနဲ့ တွေးခေါ်မှုစွမ်းရည်ကို ဖော်ထုတ်နိုင်မှုကသာ ဘွဲ့တစ်ခုရယူခြင်းရဲ့ အဓိကတန်ဖိုးဖြစ်ပါတယ်” ဟု Connect Institute ၏ Co-founder ဖြစ်သူ ကိုအောင်ဖုန်းမြင့်က ပြောသည်။

Liberal Arts and Sciences တက္ကသိုလ်ပရိုဂရမ်ဆိုသည်မှာ အသက်မွေးဝမ်းကြောင်းပညာတစ်ခုတည်းကိုသာ တတ်မြောက်သည့် နောက်လိုက်တစ်ဦးသာ မဖြစ်စေဘဲ ဝေဖန်ပိုင်းခြားဉာဏ်နှင့် အမှန်တကယ် အရည်အချင်းမြင့်မားသည့် ဦးဆောင်နိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ထားသည့် ပညာရေးဖြစ်သည်။ 

အများအားဖြင့် Liberal Arts and Sciences ပညာရေး၏ တစ်ဝက်ဖြစ်သော ၂နှစ် အတွင်း ဘာသာရပ်များစွာကို ရှုထောင့်ပေါင်းစုံမှ လေ့လာသင်ယူပြီး ကျန် ၂နှစ်တွင် မိမိရွေးချယ်လိုသည့် မည်သည့် မေဂျာကိုမဆို ရွေးချယ်သင်ယူကာ ဘွဲ့ယူနိုင်မည် ဖြစ်သည်။

Connect Institute သည် ၂၀၁၄ခုနှစ်မှ စတင်ကာ International Studies Program (ISP), Pre-University Program (Pre-U), SAT, TOEFL and English Courses များကို သင်ကြားပို့ချပေးလျက်ရှိသော သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly