UPWC နှင့် Senior Delegation-SD အဖွဲ့ ဇူလိုင် တတိယအပတ်တွင် ရန်ကုန်၌ တွေ့မည်

UPWC နှင့် Senior Delegation-SD အဖွဲ့ ဇူလိုင် တတိယအပတ်တွင် ရန်ကုန်၌ တွေ့မည်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD )တို့ ဇွန်လ ၄ ရက် မွန်းလွဲပိုင်း ၃ နာရီခွဲတွင် ဒုတိယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဓါတ်ပုံ - ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD )တို့ လောခီးလာ ညီလာခံက ပြင်ဆင် ဖြည့်စွက်ထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း ၁၂ ချက်ကို ဆက်လက် ဆွေးနွေးပြီးနောက် လာမည့် ဇူလိုင်လ တတိယအပတ်တွင် ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးကြရန် သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ဇူလိုင်လ ၃ ရက်က ပထမဆွေးနွေးမှုတွင် တိုင်းရင်းသားခေါင်းဆောင်များ၏ လောခီးလာ ညီလာခံမှ တစ်နိုင် ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် ( NCA) အပေါ် ပြင်ဆင် ဖြည့်စွက်ထားသည့် အချက် ၁၂ ချက်အား အစည်းအဝေး မှတ်တမ်းအဖြစ်သာ ထားရှိရန် UPWC ဘက်မှ တောင်းဆိုခဲ့သည်။ သို့သော် ဇွန်လ ၄ ရက် ဒုတိယနေ့ ဆွေးနွေးမှုတွင် မွန်းလွဲပိုင်း ၃ နာရီခွဲခန့်၌ နှစ်ဖက် ဆက်လက် ဆွေးနွေးသွားရန် သဘော တူညီ ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးမှုအပြီး ဝန်ကြီး ဦးအောင်မင်းက  “ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်တယ်။ ကျွန်တော်တို့က အန်စီအေ လက်မှတ်ရေးထိုးဖို့အတွက် တံခါးတစ်ချပ်  ဖွင့်လိုက်နိုင်ပြီပေါ့။ အန်စီအေ ထိုးဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကြားထဲမှာတော့ ကျွန်တော်တို့ဆက်ပြီးတော့ ဆွေးနွေးဖို့ ရှိတယ်။ ဒီ SD အဖွဲ့ကို ကျွန်တော် ရန်ကုန်မှာ ဖိတ်မယ်။ ဆွေးနွေးမယ်။ ဒါကတော့ အဆင့်တဆင့်တက်သွားပြီလို့ ကျွန်တော် ပြောလို့ ရတယ်၊ အဲဒါ (လောခီးလာ ဆွေးနွေးချက် ၁၂ ချက်)လည်း ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲဒါပြီးရင် ရန်ကုန်မှာ အပြီး သတ်ဆွေးနွေးမယ်”ဟု သတင်းထောက်များကို ပြောသည်။  

လောခီးလာ ညီလာခံ ဆုံးဖြတ်ချက်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို ပြင်ဆင် ဖြည့်စွက်ထားသော အချက် ၁၂ ချက်ကို စာအချောလုပ်ခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပြင်ဆင်ခြင်း၊ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ရမည့်ကိစ္စနှင့် ဆွေးနွေး၍ မူကြမ်းထဲထည့်ခြင်း ဟူသော အပိုင်း လေးပိုင်း ခွဲ၍ ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

SD မှ ဒုတိယအဖွဲ့ ခေါင်းဆောင် (၂) ပူးဇင်ကျုံးက  “ဒီနေ့ ဆုံးဖြတ်ချက်က အပြု သဘောဆောင် ပါတယ်။ နောက် အောင်မြင်တဲ့ ဆွေးနွေးပွဲလို့လည်းပြောလို့ ရပါတယ်။ ဒါနှစ်ဖက်စလုံးကလည်းဘဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီးကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ နှစ်ဘက်သဘောထားတွေ ချမှတ် လို့ ရပါတယ်”ဟု သတင်းထောက်များကို ပြောသည်။

လောခီးလာ သဘောတူညီချက်တွင် ပါရှိသော ဥပဒေနှင့်အညီ ဟူသော ဝေါဟာရကို ပယ်ဖျက်ရန်နှင့် လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းဟူသော အချက်ကို လုံခြုံရေးဆိုင်ရာကိစ္စရပ်များဟူ၍ ထားရှိရန် SD ဘက်မှ တင်ပြ ဆွေးနွေးမှုများ ရှိသော်လည်း စစ်တပ်ဘက်မှ လက်မခံနိုင်သည့်အပိုင်းများ ရှိနေသည်ဟု သိရသည်။

ယင်းအပေါ် ပူးဇင်ကျုံးက “ဒါတွေကို နှစ်ဖက် ဆက်ပြီး ဆွေးနွေးဖို့ နှစ်ဖက်က သဘောတူထားတာ ရှိပါတယ်။ သဘောတူတယ် ဆိုတာ နောက်လာမဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဒါတွေကို ဘယ်လို လုပ်မလဲဆိုတာ ဆွေးနွေးမှာပါ။ တဖက်က သူတို့ ကိုင်ထားတဲ့ မူဝါဒရှိသလို၊ တဖက်ကလည်း သူတို့ကိုင်ထားတဲ့ ဆုံးဖြတ်ချက် တွေ ရှိတာပေါ့လေ။ ဒီနှစ်ခုကို ညှိနှိုင်းဖို့ လိုပါတယ်။ ညှိနှိုင်းပြီးတော့ အကောင်းဆုံး ကျွန်တော်တို့ တိုင်းပြည် ရဲ့အကျိုး၊ ကျွန်တော်တို့အကျိုး၊ ပြည်သူပြည်သားတွေရဲ့ အကျိုး ရှေ့ရှုပြီးတော့ ညှိနှိုင်းကြမှာပါ။ အကောင်းဆုံး အဖြေရလိမ့်မယ်လို့ ကျွန်တော် မျော်လင့်ပါတယ်”ဟု ဆိုသည်။

လက်ရှိ အစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲသို့ အမြန်ဆုံး လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်မတော်စသည့် လက်နက်ကိုင် အဖွဲ့အစည်းများလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင် လက်မှတ်ရေးထိုးရန်အတွက် SD ဘက်မှ အားလုံး ပါဝင်ရေးမူကို ကိုင်ဆွဲ ထားပြီး လာမည့် နှစ်ဖက် အကြို ညှိနှိုင်းဆွေးနွေးမှုတွင် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်သည့် ဇူလိုင် ၄ ရက် ဆွေးနွေးပွဲသို့ SD ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးကျော် တက်ရောက်ခဲ့ပြီး UPWC ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ MPC မှ အလုပ်အဖွဲ့ဝင် များဖြစ်သော ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ အပါအဝင် ၇ ဦး တက်ရောက် ဆွေးဆွေးခဲ့သည်။

၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ထိ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေး၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း (NCA) ပါ အချက်များ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက်များကို NCCT က သက်ဆိုင်ရာ မိမိတို့၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များထံသို့ တင်ပြ၍ ဇွန်လ ၂ ရက်မှ ၉ ရက်ထိ လောခီးလာ ညီလာခံ ကျင်းပ၍  NCA အပေါ် အချက် ၁၂ ချက် ပြန်လည် ပြင်ဆင် ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags