အမေရိကန်ကမြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတစ်ချို့ကို အရေးယူပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်

အမေရိကန်ကမြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတစ်ချို့ကို အရေးယူပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်

အေးရှားဝေါလ်ကုမ္ပဏီက ၅၀%အထက် ပိုင်ဆိုင်သောလုပ်ငန်း ၆ ခုကိုအရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်း

အမေရိကန်အနေနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာစည်းမျဉ်း၊စည်းကမ်းများ ပြင်ဆင်ခြင်းများ ပြုလုပ်သည့်အနေဖြင့် အထူးဦးတည်ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု (SDN) အောက်တွင်ရှိသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ဖယ်ရှားသတ်မှတ်ခြင်းတစ်ချို့ကို အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး(OFAC) က ပြုလုပ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန-ပြည်သူ့ရေးရာရုံးက ကြေညာချက်တစ်ခုမေလ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်အရ မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၇ ခုနှင့် နိုင်ငံပိုင်ဘဏ် ၃ ခုတို့ကိုအမေရိကန်၏အထူးဦးတည်ပစ်မှတ်ထားသောအရေးယူပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားလိုက်သည်ဟုဖော်ပြထားသည်။

ယင်းလုပ်ငန်းများမှာ - ၁။ မြန်မာ့သစ်လုပ်ငန်း ၂။ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း ၃။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ၄။ အမှတ်(၁) သတ္ထုတွင်းလုပ်ငန်း ၅။ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း ၆။ အမှတ်(၃) သတ္ထုတွင်းလုပ်ငန်း ၇။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်းတို့ဖြစ်သည်ဟုဖော်ပြထားသည်။

နိုင်ငံပိုင်ဘဏ်လုပ်ငန်းများအနေနှင့် ၁။ မြန်မာ့စီးပွားရေးဘဏ် ၂။ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် ၃။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ဖြစ်ကြသည်။

ယင်းထုတ်ပြန်ကြေညာချက်အရအထက်ပါ အရေးယူပိတ်ဆို့မှုစာရင်းမှဖယ်ရှားလိုက်သည့် လုပ်ငန်းများအနေနှင့် အရပ်ဘက်ဝန်ကြီးဌာနများ၏ ဖွဲ့စည်းမှုအောက်ကို ရောက်ရှိသွားသော လုပ်ငန်းများသို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းအဖြစ်တည်ရှိခြင်းမရှိတော့သည့် လုပ်ငန်းအဖွဲ့အစည်းများဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်ပြီး နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) အနေနှင့် မြန်မာ့ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားရန် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟုဖော်ပြထားသည်။

ဤကဲ့သို့ အမေရိကန်အနေနှင့် မြန်မာနိုင်ငံအပေါ်မှာတွင်ရှိသည့် အရေးယူပိတ်ဆို့ထားမှုများကိုဖြေလျှော့ပေးခြင်းသည် မြန်မာနိုင်ငံ၏ တစိုက်မတ်မတ်လုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုအထောက်အကူဖြစ်စေရန်အပြင် အားလုံးပါဝင်မှုကို အခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေရန်နှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်စသည်ဖြင့်ဖော်ပြထားသည်။

“ ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံအနေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ကိုယ်စားပြုအစိုးရအဖြစ်ကိုပြောင်းလဲခဲ့ပါတယ်၊ အခုလိုအရေးယူပိတ်ဆို့မှုဆိုင်ရာ ဖြေလျှော့ရေးလုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေးတိုးတက်ဖွံ့ဖြိုးပြောင်းလဲဖို့အတွက် အမေရိကန်အစိုးရရဲ့ ကြိုဆိုထောက်ခံမှုဖြစ်ပါတယ်” ဟု အမေရိကန်၏ အကြမ်းဖက်ဝါဒနှင့် ငွေရေးကြေးရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ ယာယီဒုတိယလက်ထောက်ဝန်ကြီးအဒမ် ဇူဘင်က ပြောသည်။

သို့သော် အမေရိကန်၏ အရေးယူပိတ်ဆို့ထားသည့်လုပ်ငန်းတစ်ချို့ မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးပြီး ယင်းလုပ်ငန်းများအနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အဟန့်အတားဖြစ်စေသူများ၊ နိုင်ငံတွင်းလူ့အခွင့်အရေး အလွဲသုံးစားပြုလုပ်ကျူးလွန်သူများ သို့မဟုတ် မြောက်ကိုရီးယားနှင့် စစ်ရေးကူးသန်းမှုတွင် ဆက်နွယ်နေသူများဖြစ်သည်ဟုဖော်ပြထားသည်။

ထို့အပြင် အမေရိကန်၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) အနေနှင့် စတီဗင်လောသို့မဟုတ် အေးရှားဝေါလ်က  ၅၀ ရာခိုင်နှုန်းနှင့် အထက် ပိုင်ဆိုင်သောကုမ္ပဏီများကိုလည်းအရေးယူပိတ်ဆို့မှုစာရင်းထဲကိုထည့်သွင်းလိုက်သည်။

ယင်းကုမ္ပဏီများမှာ- ၁။ Asia Mega LinkCo.,Ltd ၂။ Asia Mega Link Services Co.,Ltd၃။ Pioneer Aerodrome Services Co.,Ltd၄။ Green Asia Services Co.,Ltd ၅။ Global World Insurance Co.,Ltdတို့ဖြစ်ပြီးShwe Nar Wah Co., Ltdကို အေးရှားဝေါလ် သို့မဟုတ် စတီဗင်လောက ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း ဖော်ထုတ်သိရှိရသည်ဟုဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly