"မင်းတို့မဲပေးခဲ့တဲ့သူတွေက အခုဖျက်ခိုင်းတာပဲ" ဟုဆိုကာ ကျူးကျော်များအား သတိပေးသည့်ကိစ္စ ဖော်ထုတ်အရေးယူမည်

"မင်းတို့မဲပေးခဲ့တဲ့သူတွေက အခုဖျက်ခိုင်းတာပဲ" ဟုဆိုကာ ကျူးကျော်များအား သတိပေးသည့်ကိစ္စ ဖော်ထုတ်အရေးယူမည်

မန္တလေး၊ မေ ၁၇ ။  ။ "မင်းတို့မဲပေးခဲ့တဲ့သူတွေက အခုဖျက်ခိုင်းတာပဲ"ဟု ပြောဆိုကာ မန္တလေးမြို့က ကျူးကျော်နေထိုင်သူများအား သတိပေးပြောဆိုခဲ့သည့်ကိစ္စကို ဖော်ထုတ်ပေးရန် မန္တလေးတိုင်း ဝန်ကြီးချုပ်က စည်ပင်ကော်မတီများ၊ တိုင်းရဲတပ်ဖွဲ့မှူး နှင့် ကျူးကျော်များကို အရေးယူရေးကော်မတီတို့ကို ညွှန်ကြားလိုက်သည်။ 

ယခင်အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းထားသည့် မြေယာကျူးကျော်အရေးယူဆောင်ရွက်ရေးကော်မတီက ကျုးကျော်နေထိုင်သူများကို ယင်းကဲ့သို့ ပြောဆိုဆက်ဆံခဲ့သည်ဟု ဆိုသည်။ 

"ဒီလိုပြောတာ တစ်နေရာတည်းမဟုတ်ဘူး။ ရောက်တဲ့နေရာတိုင်းမှာပြောတယ်။ ဒါကြောင့် အဲဒီအဖွဲ့ကို ဒီနေ့ခေါ်တွေ့တယ်။ ပြောတဲ့သူဖော်ထုတ်ပေးပါ။ နောက်မပြောအောင်တားပေးပါ။ ထပ်ပြောရင်အရေးယူမယ်။" ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

မိမိတို့အနေဖြင့် ကျူးကျော်ဆိုသည့် အသုံးအနှုန်းကိုဖျောက်၍ ရွှေ့ပြောင်းနေထိုင်သူဟုခေါ်ဝေါ်သုံးစွဲပြီး အကောင်းဆုံးနည်းလမ်းများရှာဖွေဖြေရှင်းရန် စီစဉ်ဆောင်ရွက်နေဆဲမှာ ယခုလိုပြောကြားခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းပြည်ဆူပူအောင်၊မငြိမ်းချမ်းအောင် ပြောဆိုခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

"ရက် ၁၀၀ အတွင်း ကျူး(ရွှေ့ပြောင်းနေထိုင်သူ)တွေကို စာရင်းကောက်ပြီး အကောင်းဆုံး ဆောင်ရွက်သွားမယ်။"ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခင်ကရှိခဲ့သည့် မြေယာကျူးကျော်မှု အရေးယူဆောင်ရွက်ရေး ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး ယခုဖွဲ့စည်းမည့်ကော်မတီတွင် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်မှတစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ထည့်သွင်း၍ ဖွဲ့စည်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly