မူးယစ်ဆေး၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လျော့နည်းရေး ရက် ၁၀၀ စီမံချက်တွင် ထည့်ရန် ညွှန်ကြား

မူးယစ်ဆေး၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လျော့နည်းရေး ရက် ၁၀၀ စီမံချက်တွင် ထည့်ရန် ညွှန်ကြား

မန္တလေး၊ မေ ၁၇ ။  ။ မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးမှုနှင့် လောင်းကစားမှုများ ပပျောက်ရန်အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့က ရက် ၁၀၀ စီမံချက်တွင် အဓိကထား ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားလိုက်သည်။

"စက်မှုမြို့သစ်ဘက်တို့၊ သင်ပန်းကုန်းဘက်တို့ မူးယစ်ဆေးပေါတယ်။ ဒါလေးတွေကိုလည်း ရက် ၁၀၀အတွင်း အလေးထားဖမ်းဆီးနိုင်အောင် လုပ်ပေးကြပါ။ ပြီးတော့ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေလည်း လျော့နည်းအောင်လုပ်ပေးပါလို့ပြောချင်ပါတယ်။"ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မေ ၁၇ရက်က ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို ဖမ်းဆီးနှိမ်နင်းရန်မှာ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဖြစ်သော်လည်း အခြားဌာနများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ၎င်းက တိုက်တွန်းထားသည်။

"ဒါပေမယ့် တစ်ချို့က မပူးပေါင်းချင်ကြဘူး။" ဟုလည်း ၎င်းက ညည်းတွားသည်။ 

မန္တလေးတိုင်းအတွင်းတွင် မူးယစ်ဆေးများပေါနေခြင်းခြင်းကြောင့် လူငယ်များ၏ အနာဂတ် ပျောက်နေသည်ဟုလည်း ဝန်ကြီးချုပ်ကဆိုသည်။

မူးယစ်ဆေးရောင်းဝယ်နေမှုများဖြင့် ပတ်သက်၍ ဝန်ကြီးချုပ်ထံ တိုင်စာများ တိုက်ရိုက်လာရောက်ပေးမှုများလည်း လက်ခံရရှိထားသည်ဟုလည်း ဆိုသည်။

"သူတို့မှာဖွင့်မပြောရဲဘူး။ သူတို့လုံခြုံရေးအာမခံချက်မရှိလို့။ ဒါကိုနားလည်တယ်။ သတင်းပေးသူရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးရမယ်။" ဟုလည်း ဝန်ကြီးချုပ်က မှာကြားသည်။ 

ရက် ၁၀၀ စီမံချက်အတွင်း ပြင်ဦးလွင်၊ မန္တလေးခရိုင်များအတွင်သာ ဖမ်းဆီးမှုကို တွေ့ရသေးသဖြင့် အဓိက မူးယစ်ဆေးဖြင့် နာမည်ကြီးနေသည့် မိတ္ထီလာ၊ ကျောက်ပန်းတောင်းဘက်များကိုလည်း ဖမ်းဆီးကြရန် သူက တိုက်တွန်းထားသေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly