လိင်တူချစ်သူများကို ခွဲခြားမှုမရှိဘဲ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံပေးရန် ကုလတိုက်တွန်း

လိင်တူချစ်သူများကို ခွဲခြားမှုမရှိဘဲ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံပေးရန် ကုလတိုက်တွန်း
Photo_Stop Homophobia.com 

လိင်တူချစ်သူ (LGBT)များကို ခွဲခြားမှုမရှိဘဲ သာတူညီမျှ ဂုဏ်သိက္ခာရှိစွာဆက်ဆံကြရန်အတွက် မြန်မာအစိုးရ နှင့် ဥပဒေပြုအဖွဲ့တွေ အပါအဝင် ပြည်သူတစ်ရပ်လုံးကို ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။ 

"အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူအား ကြောက်ရွံ့မုန်းတီးမှုများဆန့်ကျင်ရေးနေ့" အခမ်းအနားတွင် UNAIDS၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် Mr.Eamonn Murphy က ပြောလိုက်သည်။

"အစိုးရကိုရော၊ ဥပဒေပြုလွှတ်တော်တွေကိုလည်း တောင်းဆိုဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုအဝတ်အစားမျိုးပဲ ဝတ်ထားသည်ဖြစ်စေ လိင်စိတ်ဘယ်လိုခံယူသည်ဖြစ်စေ အခြေခံဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိပါတယ်" ဟု Mr.Eamonnက ပြောသည်။

"အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူအား ကြောက်ရွံ့မုန်းတီးမှုများဆန့်ကျင်ရေးနေ့" အခမ်းအနားကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကလည်း တက်ရောက်ခဲ့ပြီး လိင်တူချစ်သူ(LGBT)များသည် ကျန်းမာရေးစောင့်ရှောက်ခံရမှု လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းအတွင်းတွင် ခွဲခြားခံရမှုများတွေ့ရကြောင်း ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောသည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် LGBTများကို ဒုက္ခပေးနေသော ဥပဒေနှင့် ပုဒ်မများကိုလည်း ပြင်ဆင်ရေးဆွဲသွားရန် လုပ်ဆောင်နေကြောင်း သိရသည်။

လိင်တူချင်း ချစ်ခင်မိသောကြောင့် စိတ်ရောဂါသည်ကဲ့သို့ ဆက်ဆံခံခဲ့ရသော မသဲသဲက "ဒီ၃၇၇ဆိုတဲ့ပုဒ်မကြောင့် ထောင်ကျနေတဲ့ မိန်းမလျာတွေအများကြီးရှိတယ်။ ဒါတွေကိုပြင်ဆင်မယ်ဆိုရင် ကောင်းပါတယ်" ဟု သူမအမြင်ကိုပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်းအတွက် အရေးယူသော ပုဒ်မဖြစ်ပြီး ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။

UNAIDS သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် HIV ကူးစက်ပျံ့ပွားမှုကို ၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရန် နှင့် AIDSရောဂါဖြင့် သေဆုံးသူဦးရေကို ၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ ယင်းအပြင် HIV/AIDS အပါအဝင် ခွဲခြားဆက်ဆံမှုမှန်သမျှ မရှိစေရေး (Zero Discrimanation) လှုပ်ရှားမှုကို ဆောင်ရွက်နေသည့်အဖွဲ့ကြီးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags