ခိုတောင်အမှု မြန်မာနှစ်ဦး အယူခံကို မျှော်လင့်နေဟု ရှေ့နေအဖွဲ့ပြော

ခိုတောင်အမှု မြန်မာနှစ်ဦး အယူခံကို မျှော်လင့်နေဟု ရှေ့နေအဖွဲ့ပြော

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံရသည့် မြန်မာနှစ်ဦးအတွက် ပြစ်ဒဏ်ကို ချေဖျက်နိုင်ရန် အယူခံအား မကြာမီတင်မည်ဖြစ်ကြောင်း တရားခံများရှေ့နေအဖွဲ့က မေ ၁၇ ရက်တွင် ပြောသည်။

ပြည်တွင်းပြည်ပမီဒီယာများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည့် ၂၀၁၄ စက်တင်ဘာလအတွင်းက ဒေးဗစ်နှင့် ဟန်နာအား သတ်မှုဖြင့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးနှစ်ဦးကို သေဒဏ်ချမှတ်ထားခြင်းအား ပယ်ပျက်အောင် အယူခံလျှောက်ထားခြင်းဖြစ်သည်။

ဘန်ကောက်က ဘန်ကဝန်ဗဟိုအကျဉ်းထောင်တွင် ချုပ်ထားခြင်းခံနေရသော်လည်း ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးက စိတ်ဓာတ်အခြေအနေကောင်းမွန်စွာရှိပြီး လာမည့်အယူခံအပေါ်လည်း အကောင်းရှုမြင်လျက်ရှိနေကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောသည်။

"သူတို့နှစ်ယောက်က အယူခံအပေါ် မျှော်လင့်နေတယ်။"ဟု တရားခံရှေ့နေဖြစ်သူ နက်ခွန်ချွမ်ပါချက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

အယူခံကို မေ ၂၃ ရက်တွင် တင်သွားမည်ဖြစ်ကြောင်း၊ အမှုအား ဖူးခက်ရှိ အယူခံတရားရုံးတွင် ပြန်တင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အယူခံအပေါ်စီရင်ချက်က အစောဆုံးအားဖြင့် ၂၀၁၇ ခုနှစ်တွင် ချမှတ်နိုင်လိမ့်ဖွယ်ရှိကြောင်း နက်ခွန်က ပြောသည်။

အယူခံလျှောက်ထားမှုတွင် ပစ္စည်းသက်သေ၊ လူသက်သေသစ်များ ပါရှိမည်မဟုတ်ဘဲ ယခင်တရားရုံးကြားနာချက်က သက်သေမခိုင်လုံမှုအပေါ်သာ လျှောက်ထားသွားမည်ဖြစ်သည်။ တရားခံနှစ်ဦးအနေဖြင့် လာရောက်နိုင်မည်မဟုတ်ကြောင်း နက်ခွန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly