မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကျဲဟုဆို

မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကျဲဟုဆို

ချင်းမိုင်၊ မေ ၁၇ ။          ။ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲအတွင်း မေလ ၁၇ ရက်တွင် တပ်မတော်ဘက်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ကေအိုင်အေ အရာရှိက မဇ္ဈိမကိုပြောသည်။

 KIA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၂၇ အခြေစိုက်ရာအနီးရှိ ကျေးရွာအတွင်း မေလ ၁၇ ရက် နံနက် ၁၁ နာရီချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီခွဲချိန်တွင် တစ်ကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့သလို၊ မြေပြင်တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု KIA တပ်မဟာ ၃ မှ အရာရှိ တစ်ဦးက ပြောသည်။

 “မနေ့ကဖြစ်တဲ့နေရာတွေမှာ ဂျက်လေယာဉ် နှစ်စီးတက်လာပြီး လက်နက်ငယ်နဲ့လာပစ်တယ်။ ဗုံးလာကျဲသွာတယ်။ ပြီးတော့ ပြန်သွားတယ်။ ၃ နာရီခွဲလောက်မှာ ခကျန်ခိုးဆိုတဲ့ ရွာတွေမှာ ဗုံးလာကျဲသွားတယ်။ ရင်ဆိုင်တိုက်ပွဲကလည်း နည်းနည်းပါးပါး ဖြစ်နေတုန်းပဲ”ဟု ၎င်းက ပြောသည်။

 မြန်မာ့တပ်မတော်၏ ခလရ ၂၇၆ တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်၏ ခလရ ၂၇၆ တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ညနေ ၄ နာရီချိန်ခွဲချိန်တွင် တည်ငြိမ်နေသည်ဟု သူက ပြောသည်။ မြန်မာ့တပ်မတော်ဘက်မှ နမ်ဆာ၊ အူလန်ပါ၊ ခကျန်ခိုး ကျေးရွာအတွင်း ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်ကျဆုံးမှု ရှိမရှိ မသိရသေးကြောင်း သူက ပြောသည်။

 မေလ ၁၆ ရက်ကလည်း ညနေ ၅ နာရီမှ ၇ နာရီချိန်ထိ KIA တပ်ရင်း ၂၇ နှင့် ၁၂ တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲအတွင်း KIA ဘက်မှ ကျဆုံးမှု မရှိသေးသော်လည်း မြန်မာ့တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိနေသည်ဟု သူက ပြောသည်။

 လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာအတွင်း မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အား တိုးမြင့်မှုများ ရှိနေသဖြင့် တိုက်ပွဲများ ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်ဟု KIA တပ်မဟာ ၃ တပ်မှူးက မဇ္ဈိမကို ပြောသည်။

 မေလ ၁၅ ရက်မှစတင်၍ အဆိုပါဒေသတွင် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ယနေ့ ၃ ရက်မြောက်ပြီဖြစ်သည်။ အလားတူ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဖားကန့်ဒေသတွင်လည်း မေလ ၁၀ ရက်ကစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

 မန်စီမြို့နယ်အတွင်း တိုက်ပွဲက ၁၅ ကနေ ၁၇ ထိ ကြိုကြားကြိုကြား ဖြစ်နေဆဲ ဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ဟု KIA မှ ပြောရေးုဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 “၁၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ တိုက်ခိုက်တယ်လို့ ကြားတယ်။ ဒါပေမဲ့ ရန်သူတွေရှိမယ်ထင်တဲ့ တောတောင်တွေမှာဘဲ လာကျဲသွားတယ်လို့ ကြားရပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

 လက်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်တွင် မြန်မာတပ်မတော်၏ စစ်ရေးလှုပ်ရှားမှု တည်ငြိမ်နေသော်လည်း တပ်မတော် ၂ လက်အောက်ခံ တပ်ရင်း ၆ ဖားကန့်ဒေသဘက်တွင်လည်း လတ်တလော တိုက်ပွဲ မဖြစ်ပွားသော်လည်း KIA လှုပ်ရှားရာ နယ်မြေသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော် စစ်ကြောင်း ဆုတ်ခွာသွားခြင်းမရှိဘဲ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly