အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်

အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည့် ကျောင်းသား၊ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ တားဆီးနေသည်ကို ဇွန် ၃၀ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)) 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင် ဆန္ဒပြသူ ကိုဇေယျာလွင်နှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ၃ ရက်က ဖမ်းဝရမ်းထုတ် လိုက်ပြီဖြစ်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူးခင်မောင်ထွေးကပြောသည်။

ရဲမှူးခင်မောင်ထွေးက “ ဖမ်းဝရမ်းထုတ်တာတော့ တရားရုံးကထုတ်တာပါ။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်ပေါ့။ ပုဒ်မ နှစ်ခုနဲ့ပါ။ ဖမ်းဖို့တော့လုပ်နေပါပြီ ဖမ်းဖို့ကို ညွန်ကြားပြီးပါပြီ။ တိုင်းတို့ခရိုင်တို့ အဆင့်ဆင့် ညွန်ကြားပြီးပါပြီ”ဟုပြောသည်။

ပုဒ်မ ၅၀၅ (ခ)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနက တိုင်းကိုတိုင်လျှောက်၍ တရားသူကြီးက ဖမ်းဝရမ်းမိန့်ချပေးခဲ့ခြင်းဖြစ်ပြီး ပန်းပဲတန်းမြို့နယ် ရဲမှူး ခင်မောင်ထွေးက တရားလိုပြုလုပ်၍ ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်စီတန်းလှည့်လည်သဖြင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး  ဆန္ဒပြသူများအနက် ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊
ကိုဇေယျာလွင်တို့ကို နိုင်ငံတော် အကြည်ညှိ ပျက်စေမှု  ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ (၁၈)ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ကိုပိုင်ရဲသူကို ဇူလိုင်လ ၂ ရက်က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ကိုနန်းလင်းက “အစိုးရက နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖို့ ဖန်တီးထားတဲ့ ပုဒ်မနဲ့ အရေးယူခံရတာပါ။ ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့လုပ်ဆောင်ချက်တွေက ပြည်သူ့ဆန္ဒအရပြောခဲ့တယ်။
နိုင်ငံသားအခွင့်အရေးအရပြောခဲ့တယ်။ ကျွန်တော်တို့အပြစ်မရှိဘူးလို့ထင်တယ်။ ဒါပေမယ့် ဒီလိုမျိုး ပုဒ်မ ၂
ခုနဲ့အမှုဖွင့်ခံရတာကို ရင်ဆိုင်သွားမယ်။ တွက်ဆပြီးသားအခြေအနေတွေလည်းဖြစ်ပါတယ် ”ဟုပြောသည်။

ဇွန်လ ၃၀ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအဝင် ပြည်သူလူထုက  ရန်ကုန်မြို့သိမ်ကြီးဈေးမှ ဆူးလေးဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်
ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။
ဆန္ဒပြပွဲကို  စစ်မှန်သည့်ဖွဲ့စည်းပုံပြင်ဆင်ရေး၊ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုသည့် လက်မှတ်ငါးသန်းဖြင် လွှတ်တော်တွင်း တင်ပြခဲ့သော်လည်းလွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်ကို ရှုတ်ချခြင်း ရည်ရွယ်ချက်နှစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly