မိမိကိုယ်ကို အဆုံးစီရင်ခြင်း

မိမိကိုယ်ကို အဆုံးစီရင်ခြင်း
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုရှိ သစ်ဆွဲနေသည့် ဆင်တစ်ကောင်အား ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ -မဇ္ဈိမ)

တလောလေးတုန်းက ပဲခူးတိုင်း ကျွဲပွဲမြို့အနီး၊ ရန်ကုန်မန္တလေး ကားလမ်းဘေး၊ သစ်စုပုံစ ခန်းတစ်ခုကို သစ်တောများပြုန်းတီးမှု ဆန့်ကျင်စိတ်ရှိသူပုဂ္ဂိုလ်တစ်ဦးက ဓါတ်ပုံရိုက်ပြီး သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ နားစွန်နားဖျား သူကြားဖူးတဲ့ သစ်အလုံး လိုက် မသယ်ဆောင်ရ၊ ရောင်းဝယ်ဖေါက်ကားခြင်းမပြုရဆိုတဲ့တားမြစ်ချက်ကို သူ့အနေနဲ့ သံသယ ဖြစ်တဲ့အကြောင်းနဲ့ သစ်ပင်များပြောင်တလင်းခါပြီး တောင်ကတုံးဖြစ်နေတဲ့ ပဲခူးရိုးမကြီးကိုလည်း ဓါတ်ပုံရိုက်ပြီး တွဲတင်ပေးခဲ့ပါတယ်။

တကယ်တော့ ပဲခူးရိုးမကြီး တောင်ကတုံးဖြစ်သွားရတဲ့မြင်ကွင်းဟာ ခရီးသွားပြည်သူတွေ မမြင်ချင်အဆုံးမြင်နေရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်ကနဲ့ လုံးဝကြီးခြားနားသွား တဲ့မြင်ကွင်းကို လူတိုင်းလိုလို တအံ့တသြ မြင်နေကြရတဲ့ မြင်ကွင်းပါပဲ။ ဒီလို တောင်ကတုံးဖြစ်သွား အောင် လုပ်ပစ်လိုက်တဲ့ ဝိသမလောဘသမားနဲ့ အဲဒီ နှစ် ၂၀ အတွင်း တာဝန်ရှိသူတွေကို အဲဒီ နှစ် ၂၀ အတွင်း မည်သူမှ မကန့်ကွက်ခဲ့နိုင်ကြ၊ မတားမြစ်နိုင်ခဲ့ကြတဲ့သဘောမို့ မြင်ရတဲ့သူ မည်သူမဆို တုန်လှုပ်ရ နှမျောတသ ဖြစ်ကြရပါတယ်။ ပဲခူးရိုးမကြီး တောင်ကတုံးဖြစ်သွားပင် ဖြစ်သွားသော်ငြား လည်းပဲ လူတစ်စုကတော့ ပဲခူးရိုးမကထွက်တဲ့ သစ်တွေကြောင့် အချမ်းသာကြီး ချမ်းသာသွားခဲ့ ကြရပါပြီ။

သစ်တောတွေ မရှိတော့တဲ့အခါ ပြဿနာက ဒီအတိုင်းရပ်မနေပါဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာဖြစ်လို့ ဂေဟစနစ်လည်းပျက်ရတာပါပဲ။ ရေတွေ ခမ်းခြောက်သွားမယ်၊ အပူအအေးကို မကာကွယ်နိုင် မထိန်းညှိနိုင်တော့ အစရှိတဲ့ ဥတုရာသီ ဖေါက်ပြန်မှုတွေ ဆက်တိုက်ဖြစ်ရ ခံစားကြရမှာ မလွဲပါဘူး။ သတ္တဝါတွေ သတ္တဝါမျိုးစိတ်တွေ သုန်းကြရပါတယ်။ သစ်ဝါးမရှိတော့တဲ့အတွက် ရာသီဥ တု ပြင်းထန်လာတဲ့အတွက် ရေရှားပါးလာမှုအတွက် ဒေသခံများအဖို့ စားဝတ်နေရေးပုံစံတွေလည်း ပြောင်းကုန်ကြရပါတယ်။ ကမောက်ကမဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေရဲ့ ရိုက်ခတ်မှုက လူသားတွေကို ကောင်းကျိုး တစ်ခုမှမပေးပဲ ဆိုးကျိုးများချည်းပဲ ဆက်တိုက်ပေးပါတော့တယ်။

တောတောင်တွေမှာ သစ်တောတွေမရှိတော့ရင် ဘာတွေဖြစ်လာမလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို အဲဒီသစ်တောတွေကို ခုတ်လှဲရောင်းချပြီးမှ မချိမဆန့် ချမ်းသာလာကြတဲ့သူတွေနဲ့ တာဝန်ရှိသူတွေ ဟာ မသိမဟုတ် သိကြပါတယ်။ ဒါပေမယ့်လည်း မတော်လောဘဖိစီးမှု၊ အမျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ်ထက် ကိုယ်နဲ့ ကိုယ့်အသိုက်အဝန်းကလေးတစ်ခုအကျိုးကိုပဲ ဦးစားပေးတဲ့စိတ်ကြောင့် သစ်တော တွေကို အတိုင်းအဆမဲ့ တာဝန်မဲ့ ခုတ်လှဲရောင်းချခဲ့ကြပါတယ်။ အခုတော့ ကျနော်တို့နိုင်ငံဟာ ရာသီဥ တုဆိုးဝါးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရပြီ ဖြစ်ပါတယ်။

ဒီကနေ့ထုတ် သတင်းစာတွေထဲမှာဆိုရင် ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောပြုန်း တီးမှု တတိယမြောက် အဆိုးဝါးဆုံးတိုင်းပြည်ဖြစ်တယ်ဆိုတဲ့သတင်းတွေကို ဖတ်ကြရပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အဆိုအရ ၂၀၁၀ ခုနှစ်က ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် မြေ ၅၄၆၀၀၀ ဟက်တာမြေအကျယ်မျှ သစ်တောမြေအကျယ် ဆုံးရှုံးလျက် ရှိခဲ့တယ်လို့ သိရပါတယ်။ သစ်တော်ပြုန်းတီးရခြင်းအကြောင်းရင်းတွေထဲမှာ မြို့ပြများထူထောင်လာခြင်း၊

ဆည်တာမံများဆောက်လုပ်ခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့လာခြင်း အရှိတဲ့ အကြောင်းရင်းတွေ ရှိပေမယ့် ဝိသမလောဘသမားများရဲ့ သစ်တောတွေ အတိုင်းအဆ အဆင်အခြင်မရှိ ခုတ်ထွင် စီးပွားရှာခြင်းအချက်က အဓိကကျတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်ဖွယ် မရှိပါဘူး။

ဒီကြားထဲ သစ်တောများပျောက်ကွယ်သွားတဲ့ မြေနေရာများမှာ သစ်ပင်များ စနစ်တကျ စီမံကိန်းချ ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းကို လူမြင်ကောင်းရုံနဲ့ မစို့မပို့မျှသာ ပြန်လည်စိုက်ပျိုးထားခြင်း ဖြင့်လည်း ဆိုးဝါးလာနေတဲ့ ဂေဟစနစ်ပျက်စီးခြင်း၊ သဘာဝဘေးဥပါဒ်အန္တရယ်ကျရောက်ခြင်းကို ဘယ်လိုမှ ထိရောက်အောင် ကာကွယ်နိုင်စရာအကြောင်း မရှိပါဘူး။

ဒါကြောင့်မို့ ကျနော်တို့နိုင်ငံမှာ သစ်တောများနဲ့ပတ်သက်တဲ့ ထိရောက်မှန်ကန်တဲ့ ဥပဒေများ ပြင်ဆင်ပြဌာန်းသင့်ပါတယ်။ ပြဌာန်းထားတဲ့အတိုင်း အရေးယူဆောင်ရွက်ရပါမယ်။ ပြဌာန်းထားရှိတဲ့ ဥပေဒေများကို လက်တလုံးခြားလုပ်ပြီး၊ ဒါမှမဟုတ် တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး မတရားစီးပွားရှာ သူများကို ပြင်းထန်စွာ အရေးယူသင့်ပါတယ်။

ဒီနေရာမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်တာဟာ တကယ်တော့ လူသားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့လုပ်တာနဲ့ အတူတူပါပဲဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များရဲ့ အဆိုအရ ကျနော်တို့တိုင်းပြည်က သစ်ပင်တွေ အလျင်အမြန် ပျောက်ကွယ်သွားနေ တာဟာ စိုးရိမ်ဖွယ်ကိစ္စလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သစ်တောများမပြုန်းတီးရလေအောင်၊ ပျောက်ကွယ်သွားသော သစ်တောများနေရာတွင် အမှန်တကယ် သစ်တောများပြန်ဖြစ်လာရလေ အောင် တိုင်းချစ်ပြည်ချစ်စိတ်အရင်းခံဖြင့် အလျင်အမြန် ဆောင်ရွက်ဖို့လိုအပ်ကြောင်း မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly