ကင်ညာက အဖွားဖြစ်သူက မြေးဖြစ်သူ သမ္မတအိုဘားမားစားရန် ချက်ပြုတ်ပေးမည်ဟု ပြောကြား

ကင်ညာက အဖွားဖြစ်သူက မြေးဖြစ်သူ သမ္မတအိုဘားမားစားရန် ချက်ပြုတ်ပေးမည်ဟု ပြောကြား

နိုင်ရိုဘီ၊ ဇူလိုင် ၄ ။      ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖခင်မွေးဖွားရာ ကင်ညာနိုင်ငံသို့ ယခုလနောက်ပိုင်း အိုဘားမားရောက်လာပါက မာမာဆာရာဟု ခေါ်ဆိုသော အိုဘားမား၏ အဖွားဖြစ်သူက ၎င်း၏မြေးဖြစ်သူအတွက် ရိုးရာ အစားအစာများ ချက်ပြုတ်ကျွေးမွေးမည်ဖြစ်ကြောင်း ဇူလိုင် ၃က ပြောကြားခဲ့သည်။

"သူရောက်တုံး ဘားရက်အတွက် ကျွန်မပြင်ဆင်မည့် အစားအစာနဲ့ ပတ်သက်လို့ကတော့ ရနိုင်သမျှရိုးရာ အစားအစာ အားလုံး ပြင်ပေးမှာပါ"ဟု သူမ၏ Luo ဘာသာဖြင့် ပြောကြားမှုကို စကားပြန်မှတဆင့် သိရသည်။ အစားအစာများတွင် ငါး၊ ကြက်သားနှင့် ပြောင်ဖူးယာဂုတို့ပါမည်ဟု ဆိုသည်။ "ဘားရက်က အမတ်ကြီးပဲဖြစ်ဖြစ်၊ သမ္မတကြီးပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျွန်မပြင်ပေးတာကို သူစားမှာပါ"ဟု မာမာဆာရာက ဆိုသည်။

မာမာဆာရာသည် အမေရိကန်သမ္မတ အိုဘားမား၏ အဖေဘက်ကအဖိုး ဟူစိန်အိုညန်ဂိုအိုဘားမား၏ တတိယမြောက် ဇနီးဖြစ်ပြီး သမ္မတ၏ဆွေမျိုးများစွာ နေထိုင်သော ကင်ညာအနောက်ပိုင်းရှိ ကိုဂေလိုရွာလေးတွင် နေထိုင်သည်။

ဖခင်ဖြစ်သူ၏ အုတ်ဂူကို အရိုအသေပေးရန် ကိုဂေလိုရွာသို့လာရန် အိုဘားမားအား ပြောကြားထားသည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း အိုဘားမားအနေဖြင့် မြို့တော်နိုင်ရိုဘီအပြင်ဘက်သို့ ခရီးသွားမသွားကိစ္စမှာ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

အိုဘားမား၏ ကွယ်လွန်သူ ဖခင်မှာ ကိုဂေလိုရွာလေးတွင် မွေးဖွားကြီးပြင်းခဲ့ပြီးနောက် ပြည်ပသို့ ပညာသင်ရန်ထွက်ခွာခဲ့ရာမှ ဟာဝိုင်အီတွင် အိုဘားမား၏အမေရိကန်သူမိခင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မာမာဆာရာသည် အိုဘားမား၏ သွေးရင်းဆွေမျိုး မဟုတ်သော်လည်း အိုဘားမားက ဖွားဖွားဟုခေါ်ပြီး ယခင်က သူမထံသို့ အိုဘားမားသွားလည်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly