ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်

ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်
မြန်မာ-ထိုင်း နှစ်နိုင်ငံ ၀န်ကြီးများအဆင့် အစည်းအဝေးပွဲကျင်းပခဲ့စဉ်။

ရန်ကုန်၊ ဇူလိုင် ၄ ။     ။ သုံးလတစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် မြန်မာ- ထိုင်းနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဖက်က တောင်းဆိုခဲ့သည့် "ဝ" တပ်စခန်း ၇ခု ဆုတ်ပေးရေးကိစ္စကို နှစ်နိုင်ငံအဆင့် ဆွေးနွေးပြီးမှသာ အတည်ပြု နိုင် မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ဇူလိုင်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံအဆင့် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ဇူလိုင်လတွင်ပင် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဖက်မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံအတွင်း ပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။

ဦးမြင့်အောင်က  "တပ်စခန်း ၇ခုလို့ပဲ ပြောတာပါ ဘယ်နေရာ၊ ဘယ်မှာရှိတယ်လို့ လည်းတိတိကျကျ ပြောတာမဟုတ်ဘူး။ ဒါတွေက မြို့နယ်အဆင့်မှာ သူလိုတာပြော၊ ကိုယ်လိုတာပြောတဲ့ ပုံစံပဲ၊" ဟု ပြောသည်။

မြန်မာ- ထိုင်း နယ်စပ်ရေးရာ ကိစ္စများကို ၃လ တစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် ကော်မတီ အစည်းအဝေး၊ ၆လတစ်ကြိမ်ပြု လုပ်သည့် တိုင်းပြည်နယ်အဆင့် အစည်းအဝေး၊ နှင့် တစ်နှစ် တစ်ကြိမ်ပြုလုပ်သည့် နိုင်ငံတော် အဆင့်အစည်းအဝေးများ ကျင်းပ ကာဆွေးနွေးလျက်ရှိသည်။

နိုင်ငံအဆင့် အစည်းအဝေးမတိုင်မီ ထိုင်းဖက်က တောင်းဆိုမှုကို ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ထပ်မံ တင်ပြကာသက်ဆိုင်ရာငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်နေသည့်အဖွဲ့များဖြင့်သာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ပြောသည်။

မြန်မာ- ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ "ဝ" တပ်စခန်း ၇ခုအား ထိုင်းနိုင်ငံဖက်မှ မြန်မာနိုင်ငံဖက်သို့ ဆုတ်ပေးရေး ကို ဇွန်  ၃၀ရက် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် ကော်မတီ ၈၃ကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းနိုင်ငံဖက် က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြို့နယ်အဆင့် ကော်မတီဝင် တပ်မတော်အရာရှိ တစ်ဦးက  "ထိုင်းဖက်က အဲဒီစခန်းတွေ ကို အချက်အလက်နဲ့ပြပေမယ့် အဲဒါက ၀ လူမျိုးပါလို့ ဘယ်ပြောလို့ရမလဲ။ နေရာလည်း အတိအကျမသိ၊ ဓါတ်ပုံမှတ်တမ်းလည်းမရှိတဲ့အခါကျတော့ဒီဟာတွေက မှားနိုင်တယ်။ တစ်ချို့ဟာတွေက ရှိတယ်။ တစ်ချို့ဟာ တွေကျတော့ အထောက်အထားမရှိဘူးဗျ။ လက်တမ်း ပြောတာပါပဲ" ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းဖက်မှတောင်းဆိုသော "ဝ"တပ်စခန်းများ ဆုတ်ခိုင်းသည့် နေရာကို မိမိတို့အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိ ပဲ။ ၇၄ကြိမ်မြောက် (၂နှစ်ကျော်ကြာပြီး) အစည်းအဝေးတွင်ပင် ပြောဆိုခဲ့ခြင်းများရှိခဲ့သဖြင့် ယခုအခါယင်း စခန်း တို့သည် အဆိုပါနေရာများတွင် တည်ရှိသည်ဟု အတည်ပြုနိုင်ခြင်း မရှိကြောင်း တပ်မတော်အရာရှိက ဆိုသည်။

၎င်းက " အဲဒီနေရာတွေမှာ တပ်စခန်းရှိမရှိဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့ ပြောလိုက် လို့မှ မရှိဘူး ဆိုရင် အဲဒီသတင်းက အမှားကြီးဖြစ်သွားမယ်" ဟု ပြောသည်။

ဇွန်လ ၃၀ရက်တွင် ကျင်းပခဲ့သည့် မြို့နယ်အဆင့် အစည်းအဝေးကို ထိုင်းနိုင်ငံမှ စစ်ဗျူဟာမှုး ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံ ဖက်က သက်ဆိုင်ရာ စစ်ဒေသအရာရှိများဦးဆောင်ကာ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး၊ လဝက နှင့် အခြားဆက်စပ် ဦးစီးဌာန တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် မြို့နယ်ကော်မတီတို့ကဆွေးနွေးကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly