ဗန်းမော်ခရိုင်တွင် ကေအိုင်အေ နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်လာဖွယ်ရှိ

ဗန်းမော်ခရိုင်တွင် ကေအိုင်အေ နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်လာဖွယ်ရှိ
Photo-EPA

ချင်းမိုင်၊ မေ ၁၆ ။   ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား မေလ ၁၆ ရက် ညနေ ၅ နာရီချိန်မှစတင်၍  တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်။

မန်စီမြို့နယ် နမ်ဆာပရန်နှင့် ခရှန်ကျေးရွာကြားတွင် မေ ၁၆ရက် နံနက်ပိုင်းက တပ်မတော်ဘက်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု KIAဘက်က ဆိုသည်။ ယင်းနောက် ညနေ ၅   နာရီကျော်တွင် KIA တပ်ရင်း ၁၂ နှင့် ၂၇ တပ်ဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA တပ်မဟာ ၃ မှူး ဗိုလ်မှူးကြီး တူးဂျာက ပြောသည်။

“အခု ၅ နာရီ ၂၀ မိနစ်ကနေ တိုက်ပွဲ ပြန်ဖြစ်နေတယ်။ မဒန်ပါနဲ့ ခရှန်ကြားမှာ ရင်း ၂၇နဲ့၁၂ တပ်ဖွဲ့တွေ ပေါင်းပြီးတိုက်နေတယ်။ တပ်မတော်က ကျွန်တော်တို့ ကေအိုင်အေတွေ ရှိတဲ့ဘက်ကို လှုပ်ရှားလာလို့ တိုက်ပွဲ ဖြစ်တာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

မေလ ၁၅ ရက်ကလည်း နမ်ဆာပရန်ကျေးရွာတွင် တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ယနေ့ ထပ်မံ ဖြစ်ပွားနေသဖြင့် တပ်မတော်ဘက်က မြစ်ကြီးနား၊ ဗန်းမော်နှင့် ရှမ်းပြည်နယ်ဘက်မှ သံလွင်မြစ် အနောက်ဘက်ကမ်းဘက်မှလည်း စစ်အင်အား တိုးချဲ့လာမှုများ ရှိနေသည်ဟု သူက ပြောသည်။

“တိိုက်ပွဲက တစ်နေ့ထက် တစ်နေ့ တိုက်ပွဲ ပြင်းထန်လာမယ့် အခြေအနေရှိတယ်။ တပ်မတော်ဘက်က အဖက်ဖက်ကနေ တိုးမြင့်လာတယ်။ ဒါကြောင့်ကျနော်တို့ဘက်ကလည်း အဆင်သင့်ပြင်ဆင်ထားတယ်။ စစ်အင်အားလည်းထပ်တိုးလာဖို့ ရှိနေတယ်”ဟု KIA တပ်မဟာ ၃ မှူး ဗိုလ်မှူးကြီး တူးဂျာက မဇ္ဈိမကို ပြောသည်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေသော နေရာတစ်ဝိုက်တွင် တပ်မတော်အင်အား ၄၀၀ ကျော်ခန့်ရှိနေပြီး အင်အား ထပ်မံ တိုးမြင့်လာမှုများ ရှိနေသဖြင့် တိုက်ပွဲ ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

“တိုက်ပွဲကြီးလာနိုင်တယ်။ ဘာလို့လဲဆိုတော့ တပ်မတော်က နေရာအနှံ့ လှုပ်ရှားလာလို့။ ဒီမနက်ပိုင်းလည်း ကိုင်ထိပ်ကနေ လက်နက်ကြီးနဲ့ နေရာအနှံ့ပစ်နေတယ်။ ကျနော်တို့ ရင်း ၂၇ ရှိတဲ့ဘက်ကိုလည်း ပစ်နေတယ်။ ၁၀ ကြိမ်ကျော်ပြီ။ ဒါကြောင့် သူတို့ စစ်ရေးပြင်ဆင်နေတယ်ဆိုတာ ယူဆတယ်။”ဟု ဗိုလ်မှူးကြီး တူးဂျာက ပြောသည်။

မေလ ၁၀ ရက်ကလည်း KIA တပ်မဟာ ၂ လက်အောက်ခံတပ်ရင်း ၆ ရှိရာ ဖားကန့်ဒေသတွင်လည်း  မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် KIA ဘက်မှ ရှေ့တန်းစခန်း ၂ ခုကို ဖယ်ပေးလိုက်ရသည်ဟု သိရသည်။

မေလ ၁၄ ရက်ည ၈ နာရီချိန်တွင် ဖားကန့်မြို့၊ လုံးခင်း၊ ဆိုင်းတောင်ဘက်တွင် ဗုံးပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့သည်ဟု ဖားကန့်မြို့ခံများမှ သိရသည်။ အလားတူ မလ ၁၅ ရက်ကလည်း ကားမိုင်းမြို့နယ် ထွယ်ဆန်ယန်ကျေးရွာအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ကားမိုင်းမြို့ခံ တစ်ဦးက ပြောသည်။

KIA သည် ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးရန် ကြိုးပမ်းခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags