Miss Global International 2015 ပြိုင်ပွဲတွင် မော်ဒယ် သရုပ်ဆောင် ထက်ထက်ရည်အောင် ယှဉ်ပြိုင်မည်

Miss Global International 2015 ပြိုင်ပွဲတွင် မော်ဒယ် သရုပ်ဆောင် ထက်ထက်ရည်အောင် ယှဉ်ပြိုင်မည်

ရန်ကုန် ၊ ဇူလိုင် ၄ ။    ။ ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Global International 2015 ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် အဖြစ်  မြန်မာနိုင်ငံ ကိုယ်စားပြု  မော်ဒယ် သရုပ်ဆောင် ထက်ထက်ရည်အောင် (ခ) နှင်းပွင့်ဧကရီက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Style Plus သင်တန်းကျောင်းမှ မလှနုထွန်း က မဇ္ဈိမကို ပြောသည်။

Miss Global International 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ထက်ထက် ရည်အောင် ကို ထိုပြိုင်ပွဲ အတွက် Style Plus သင်တန်းကျောင်းမှ ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

Style Plus သင်တန်းကျောင်းမှ မလှနုထွန်းက "  သူ့ကို ဒီပွဲ အတွက် မနှစ်ကတည်းက ရွေးထား ပြီးသား အခု ဖေ့ဘုတ်မှာ Officially အနေနဲ့ အသိပေးတာပါ။ သူက အတွေ့အကြုံလည်း ရှိတယ်။  အတွေ့အကြုံ ရှိတဲ့သူ ဖြစ်တဲ့ အတွက် ပြိုင်ပွဲ အတွက် လိုအပ် တာလောက်ပဲ သင်ကြား ပေးရမှာပါ" ဟု ပြောသည်။

ထက်ထက်ရည်အောင်သည် ယခင်က နှင်းပွင့်ဧကရီ နာမည် ဖြင့် အနုပညာလုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး ယခု အခါတွင် Miss Global International 2015 ပြိုင်ပွဲ အတွက် နာမည် အရင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

မော်ဒယ် သရုပ်ဆောင် ထက်ထက်ရည်အောင် က  "မလှနုနဲ့ ပြောဖြစ်နေတာတော့ ကြာပြီ။ ဒီပွဲက ညီမ အတွက် ပြင်ဆင်ချိန် လည်း ရတဲ့ အတွက် လက်ခံ ဖြစ်သွား တာပါ။ ပြည်တွင်းပွဲတွေမှာတော့ ဝင်ပြိုင်ဖူးတယ် ပြည်ပ ပွဲကတော့ ညီမ အတွက် ဒီပွဲက ပထမဆုံးပွဲလည်း ဖြစ် တဲ့ အတွက် ညီမ အကောင်းဆုံး ကြိုးစား သွားမှာပါ။ နာမည် အရင်း ပြောင်းလိုက် တာကတော့ ဒီပွဲ အတွက် ကြောင့် လည်း ပါတယ် နောက်လည်း အနုပညာ အလုပ်တွေကို နာမည်အရင်းနဲ့  ဆက်လုပ်သွားမှာပါ "ဟု ပြော သည်။

ထက်ထက်ရည်အောင် သည် ထိုပြိုင်ပွဲ အတွက် Talent Show ပြသရန် အသံပိုင်း ဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ် နေပြီး အသားအရေ ထိန်းသိမ်းမှုများလည်း လုပ်ဆောင်လျက် ရှိပြီး Talent Show အတွက်လည်း ပြင်ဆင်နေပြီ ဖြစ်သည်။

ပြိုင်ပွဲတွင် ဝတ်ဆင်မည့် National Costume ၊ ညနေခင်း ဝတ်စုံတို့ အတွက်ကို ဒီဇိုင်နာ မပုံ့ (My Favourite) နှင့် ဒီဇိုင်နာ ဖြိုးပြည့် တို့ကို အကူအညီ တောင်းထားကြောင်းလည်း ၎င်းက ဆိုသည်။ ထက်ထက်ရည်အောင် သည် Miss People ၊ Miss Christmas ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးပြီး မချော ၁၀ယောက် ကို ၁ ယောက် ဇာတ် ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့ဖူးသူ ဖြစ်သည်။ ယင်းနောက်တွင် အနုပညာ လှုပ်ရှားမှု အဖြစ် ကြော်ငြာ များ နှင့် ဗီဒီယို ၃ကား ရိုက်ကူး ခဲ့သည်။

Miss Global International 2015 ပြိုင်ပွဲကို စက်တင်ဘာ ၁၉ရက် မှ ၂၅ရက် အထိ ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly