နိုင်ငံတွင်းရောက် ဆီးရီးယားဒုက္ခသည်များက ၉/၁၁ လို တိုက်ခိုက်မှုကြီးမျိုး လုပ်လာလိမ့်မည်ဟု ထရန့်ပြော

နိုင်ငံတွင်းရောက် ဆီးရီးယားဒုက္ခသည်များက ၉/၁၁ လို တိုက်ခိုက်မှုကြီးမျိုး လုပ်လာလိမ့်မည်ဟု ထရန့်ပြော

နယူးယောက်၊ မေ ၁၆ ။                   ။ အိုဘားမားအစိုးရ၏ ဆီးရီးယားဒုက္ခသည်များကို ခိုလှုံခွင့်ပေးသည့် လုပ်ဆောင်မှုများက အမေရိကန်နိုင်ငံအား နောက်ထပ်အကြမ်းဖက်မှု တိုက်ခိုက်ခံရရန် တွန်းပို့နေခြင်းဖြစ်ကြောင်း ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောသည်။

အမေရိကန်ရောက် ဆီးရီးယားဒုက္ခသည်များက နောက်ထပ် ၉/၁၁ တိုက်ခိုက်မှုကြီးမျိုးကို ကျုးလွန်လာလိမ့်မည်ဟု အမျိုးသားနယ်စပ်လုံခြုံရေးကောင်စီ The Green Line ရေဒီယိုထုတ်လွှင့် တင်ဆက်မှုတွင် ထရန့်က ပြောခဲ့သည်။

၉/၁၁ ခေါ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်နိုင်ငံသားပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးရှုံးရကာ ပျက်စီးဆုံးရှုံးမှုပေါင်းက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိသည်။

အဆိုပါ တိုက်ခိုက်မှုကြီးကို အယ်လ်ခိုင်ဒါအစွန်းရောက် ၁၉ ဦးကလုပ်ဆောင်ပြီး ယင်းတို့အနက် ဆော်ဒီနိုင်ငံသားက ၁၅ ဦးရှိသည်ဟု အမေရိကန်တာဝန်ရှိသူများက အခိုင်အမာပြောသော်လည်း အဆိုပါအင်အားနှင့် ပတ်သက်ပြီး သုတေသနအကဲဖြတ်များ၏ မေးခွန်းများစွာလည်း ရှိထားသည်။

“အဆိုးတွေက ဖြစ်လာပါလိမ့်မယ်။ များများစားစားကို ဖြစ်ပွားလာလိမ့်မယ်။”ဟု ထရန့်ကဆိုသည်။ ထရန့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးများတွင် မက္ကဆီကိုမှ ရွှေ့ပြောင်းဝင်ရောက်သူများနှင့် မွတ်စလင်များကို မနှစ်ခြိုက်သည့် ပြောဆိုမှုများအပါအဝင် အငြင်းပွားဖွယ်များဖြင့် စည်းရုံးမဲဆွယ်လာခဲ့ခြင်းဖြစ်သည်။

“တိုက်ခိုက်မှုတွေဖြစ်လာမယ်ဆိုတာကို ခင်ဗျားတို့က ထင်ထားမှာမဟုတ်ဘူး။ ဒီကိုရောက်နေသူတွေကပဲ တိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုတာ ကျွန်တော်စိတ်ထဲ သံသယဖြစ်စရာကို မလိုဘူး။”ဟု ထရန့်က ပြောခဲ့သည်။

ဆီးရီးယားမှ ဒုက္ခသည်များကို အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် မပေးသင့်ကြောင်း၊ ၎င်းသာ နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဖြစ်လာပါက ယင်းဆီးရီးယားဒုက္ခသည်များကို တင်းကြပ်မည်ဖြစ်ပြီး သတိထားသွားမည်ဖြစ်ကြောင်း ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly