ဖိလစ်ပိုင်သမ္မတသစ်က သေဒဏ် ပြန်လည်ပြဌာန်းမည်

ဖိလစ်ပိုင်သမ္မတသစ်က သေဒဏ် ပြန်လည်ပြဌာန်းမည်

မနီလာ၊ မေ ၁၆ ။                ။ ဖိလစ်ပိုင်နိုင်ငံက ရွေးကောက်ခံသမ္မတသစ် ရော့ဒရီဂိုဒူတာတေးက သေဒဏ်ကို ပြန်လည်ပြဌာန်းမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ပစ်သတ်ပိုင်ခွင့်များ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

မကြာမီနိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်မည့် သမ္မတသစ်ဒူတာတေး၏ မူဝါဒများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိနေသည်။ အရက်နှင့် ဆေးလိပ်တားမြစ်ခြင်းနှင့် ကလေးများကို အကန့်အသတ်ဖြင့် အပြင်ထွက်ခွင့်အမိန့်များ စသဖြင့် ၎င်း၏ မူဝါဒများက အငြင်းပွားစရာရှိနေသည်။

ထိုပြင် သမ္မတအိမ်တော်ရာအား ဆေးရုံတစ်ရုံအဖြစ် ပြောင်းပစ်မည်ဟုလည်း ၎င်းက ကတိပေးသည်။

ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့ပြီး ရာဇဝတ်သမားများအား နှိမ်နှင်းမှုတွင် စံချိန်တင်သူဖြစ်ခြင်းကြောင်း သမ္မတသစ် ဒူတာတေးအား “အပြစ်ပေးသူကြီး”ဟူ၍လည်း ခေါ်ဝေါ်ကြသည်။

ဒူတာတေးမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း ဒါဗာအိုမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းခံရသည့် ရာဇဝတ်သားပေါင်း ၁၀၀၀ ကျော်ထက်မနည်းရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက သေဒဏ်အပြစ်ပေးခြင်းအား ၂၀၀၆ ခုနှစ်အတွင်းက ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

“ကွန်ဂရက်ကို ကြိုးပေးသေဒဏ်အပြစ် ပြန်ပြီးပြဌာန်းဖို့ တိုက်တွန်းသွားရမှာပဲဖြစ်တယ်။”ဟု အသက် ၇၁ နှစ်ရှိ ဒူတာတေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရာဇဝတ်ဂိုဏ်းဝင်များကို ပစ်သတ်ခွင့်နှင့် ခုခံနေသူများကိုလည်း ပစ်သတ်ဖမ်းဆီးခွင့်များ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ခွင့်ပြုပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly