ဧရာဝတီတိုင်းသားတွေ ဖြစ်ချင်တာကို ရဲရဲပြောပါ၊ ရင်းရင်းနှီးနှီး တင်ပြပါ

ဧရာဝတီတိုင်းသားတွေ ဖြစ်ချင်တာကို ရဲရဲပြောပါ၊ ရင်းရင်းနှီးနှီး တင်ပြပါ

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် တွေ့ဆုံခြင်း

ယမန်နေ့မှအဆက်

မဇ္ဈိမ ။  ။ ဆိုတော့ ခုန ပုသိမ်နဲ့ပဲ ဆက်စပ်ပြီးတော့ ပုသိမ်ဟာ နောက်သုံးနှစ် အဖိုးလက်ထက်မှာ ဘယ်လိုမျိုး မြို့တော် ဖြစ်လာမလဲ။

မန်းဂျော်နီ ။  ။ ပုသိမ်ဟာ အခုနေပြောရမယ်ဆိုလို့ရှိရင် ပုသိမ်ကို မြို့ဘက်ပြန်ချဲ့ရမယ်။ မြို့ဘက်ပြန်ချဲ့ပြီးတဲ့နောက် ပုသိမ်ကို ဘယ်လိုပြောရမလဲ သေသေချာချာ ဟို့ဘက်နယ်တွေပါပေါ့နော် ဒီမြို့ဘက်ထဲ ပါလာအောင်လုပ်ပြီးတော့ ဘယ်လိုပြောရမလဲပေါ့ ခုနပြောသလို စီမံကိန်းတွေရှိတယ်ပေါ့ကွာ အဲ့ဒီစီမံကိန်းတွေကို ပါစပ်နဲ့ငါ ကောင်းကောင်းမပြောတတ်ဘူး။ အဲ့ဒါကို ဝန်ကြီးတွေနဲ့ ငါ ဆွေးနွေးပြီးသွားပြီ။

မဇ္ဈိမ ။ ။ ဆိုတော့ မြို့ပြအင်္ဂါရပ်နဲ့ညီတဲ့ မြို့တစ်မြို့တော့ ဖြစ်လာမယ်ပေါ့။

မန်းဂျော်နီ ။  ။ ဖြစ်လာမယ်။ ဖြစ်လာမယ်လို့ ယုံကြည်တယ်။

မဇ္ဈိမ ။ ။ နောက်ပြီးတော့ အဖိုးက ပညာရေးမှာလည်း တာဝန်ယူခဲ့တဲ့သူတစ်ယောက်ဆိုတော့ ဧရာဝတီတိုင်း အခြေခံနဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် နဲနဲမေးချင်ပါတယ်။

မန်းဂျော်နီ ။ ။ မေးပါ။

မဇ္ဈိမ ။ ။ ဒီ လူငယ်တွေကို ဥပမာ ရန်ကုန်တက္ကသိုလ်ဆိုလို့ရှိရင် အခြားနိုင်ငံခြား တက္ကသိုလ်တွေနဲ့ ချိတ်ပြီးတော့မှ လူငယ်တွေကို သင်တန်းပေးနေတာတွေ ရှိတယ်။ ဧရာဝတီတိုင်းမှာကော ပုသိမ်တက္ကသိုလ်ကနေမှ အခြား ပြင်ပ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး လူငယ်တွေကို ပညာသင်စေလွှတ်တာ ဒါမှမဟုတ် ပညာသင်ဆုပေးတာ ဒီလူငယ်တွေကို တိုးတက်မြင့်မားဖို့ ဘာတွေများ ဆက်လုပ်ဖို့ရှိသလဲ။

မန်းဂျော်နီ ။ ။ ဟုတ်တယ်။ သားပြောသလိုဆို ဒါကတော့ ပုသိမ်တက္ကသိုလ် ဖွံ့ဖြိုးဖို့ အရေးကြီးတယ်။ ပုသိမ်တက္ကသိုလ် ဖွံ့ဖြိုးပြီတော့ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဖို့နဲ့ Visiting Lecturers တွေ ဖိတ်ခေါ်ဖို့ ဒါတွေကတော့ ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်က ပါမောက္ခတွေကိုလည်း တိုင်းဒေသကြီးအစိုးရ လွှတ်တော်မှာ အတည်ပြုရေး ဒို့လွှတ်တော်ကြီးမှာပေါ့နော် ဥပဒေပြုရေး။ လူထုလုပ်ငန်းဆိုင်ရာ ပေါ်လစီများ Public Policy Maker တွေ ဖြစ်အောင် အကြံဉာဏ်ကောင်းတွေ ပေးဖို့ ဖိတ်ခေါ်သွားမှာဖြစ်တယ်။ ဒါ တက္ကသိုလ်ကလူတွေကိုပေါ့နော်။ နောက်တစ်ခုက တက္ကသိုလ်တွေဟာ ပညာသင်ကြားရေးအပြင် ပညာသင်ကြားရေးတစ်ခုတည်းမကဘူး။ သုတေသနလုပ်ငန်းတွေကိုပါ လုပ်နိုင်လာအောင် အားပေးသွားမှာဖြစ်တယ်။ ဥပမာ ပုသိမ်တက္ကသိုလ်မှာ အဏ္ဏဝါဗေဒဌာန ရှိတယ်။ အဲ့ဒီ အဏ္ဏဝါတွေကို ဖောက်လုပ်နိုင်တဲ့ ရေချိုငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် အင်းနယ်နမိတ်များ ကိစ္စတွေဟာ အဲ့ဒီငါးလုပ်ငန်းနဲ့ တက္ကသိုလ်တွဲဖက်ပြီးတော့ သုတေသန လုပ်ဆောင်မယ်ဆိုရင် ဧရာဝတီတိုင်းအတွက် အထူး အကျိုးရှိမှာ ဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ နောက်တစ်ခုက ကျွန်တော် ဒီ အခွန်ကောက်ခံမှု စနစ်နဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်ပါတယ်ခင်ဗျာ။ ဒီ ငွေဆောင်တို့လို ချောင်းသာတို့လိုမှာ ဗဟိုနဲ့ ဆက်စပ်ပြီး လုပ်နေတာတွေရှိတယ်။ ဒီဗဟိုနဲ့ လုပ်တယ်ဆိုတဲ့အခါမှ ဗဟိုကနေ ကောက်ခံတဲ့ အခွန်စနစ်နဲ့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ကောက်ခံတဲ့ အခွန်စနစ်ကို ဘက်ညီအောင် ဒါမှမဟုတ် အခွန်စနစ်ကို ခုထက်ထိ တိုင်းအစိုးရပဲဖြစ်ဖြစ် ဗဟိုအစိုးရပဲဖြစ်ဖြစ် ဝင်ငွေပိုရအောင် အဖိုးတို့အနေနဲ့ ဘယ်လို လုပ်ဆောင်မလဲ။

မန်းဂျော်နီ ။ ။ ဒါလည်းပဲ မှန်တာပဲ။ အခု အခွန်နဲ့ပဲသွားရမယ့် အစိတ်အပိုင်းတွေလေ။ အခွန်ကို လူတွေပေးချင်လာအောင် အခွန်ကို မြတ်နိုးတတ်လာအောင် အခွန်ပေးဆောင်ခြင်းကို စိတ်ပါလာအောင် လုပ်ဆောင်ရမယ်ဆိုတာ သိခဲ့ရပါပြီနော်။ ဒါပေမယ့် တိုင်းဒေသကြီးအနေနဲ့ အခွန်ခံနိုင်မှု ကဏ္ဍတွေက နည်းနည်းပဲရှိတယ်။ တိုင်းဒေသကြီး ဘက်ဂျက်ဟာ ပြည်ထောင်စုအစိုးရရဲ့ ပံ့ပိုးမှုနဲ့ပဲ ရပ်တည်နေရပါတယ်။ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ လက်ရှိအချက်ကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ ဒီအနာဂါတ်လည်းကျရော ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး ဘဏ္ဍာငွေ စီမံခန့်ခွဲမှုမှာ တိုင်းဒေသကြီးအဆင့်ကို ပိုမိုလုပ်ပိုင်ခွင့် ပေးလာလိမ့်မယ်လို့ ယုံကြည်တယ်။ မူဝါဒများ ချမှတ်ပြီးလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။

မဇ္ဈိမ ။ ။ နောက်မေးခွန်းလည်း တစ်ခုပါပဲ။ ဧရာဝတီတိုင်းမှာ ဘာလဲဆိုတော့ လယ်သိမ်းမြေသိမ်း ပြဿနာပဲ။ ဧရာဝတီတိုင်းမှာလည်း သေချာတယ် ရှိရင် ရှိနေမှာပဲ။ ဒီ လယ်သိမ်းမြေသိမ်း ပြဿနာတွေကို အဖိုးတို့ အစိုးရအနေနဲ့ ဘယ်လိုလုပ်မလဲ။

မန်းဂျော်နီ ။ ။ ဒီ လယ်သိမ်းမြေသိမ်းတွေကို လယ်ယာမြေ ဥပဒေတွေရှိတယ်။ လယ်ယာမြေ ဥပဒေတွေကို လယ်ယာမြေဥပဒေ စာအုပ်ထဲမှာပဲ မထားဘဲနဲ့ တကယ့်အပြင်မှာ အတိအကျ လုပ်ပေးမယ်ဆိုရင် အဲ့ဒါတွေက လျော့ပါးသွားမယ်ပေါ့နော်။ အခုဟာက ဥပဒေက စာရွက်ထဲမှာပဲရှိတယ်။ အပြင်မှာက ဥပဒေအတိုင်းမလုပ်တာကို ငါတို့တွေ့နေရတယ်။ ဒါကြောင့်မို့ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ ဒီမှာတွေ့တွေ့နေတယ်။ လယ်တွေကို သိမ်းတာ ဘယ်သူတွေက သိမ်းသလဲဆိုရင် အကွက်ချပြီးတော့ လောင်းတယ်။ လယ်သမားက နည်းနည်းပဲရတယ်။ အကွက်ချပြီး လုပ်တဲ့သူတွေက များများရတယ်။ အဲ့ဒီအကွက်ချတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ လာပြောဆိုတော့ သူတို့က ကြောက်နေတယ်။ ဘာလို့ကြောက်နေလဲ ဆိုတဲ့အခါကျတော့ မပြောဘူး။ အဲ့အခါကျတော့ အဲ့ဒါတွေကို ဖော်ထုတ်နိုင်အောင် ငါတို့ကြိုးစားမယ်ပေါ့။

မဇ္ဈိမ ။ ။ အဲ့တော့ အဖိုး ဧရာဝတီတိုင်းမှာဆိုရင်တော့ ဧရာဝတီတိုင်း အကြီးဆုံးပေါ့။ အဲ့တော့ ဧရာဝတီတိုင်းသားတွေကို အဖိုး ဘာများ သတင်းစကား ပါးချင်သလဲ။

မန်းဂျော်နီ ။ ။ ဧရာဝတီတိုင်းသားတွေကို တို့ပြောချင်တာကတော့ ဧရာဝတီတိုင်းသားတွေတင်လို့ တို့က ဝန်ကြီးချုပ်ဖြစ်လာတာ။ ဘာဖြစ်လို့ တင်လို့ဖြစ်ရလဲဆိုတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် အရင်ဖြစ်ရတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ ပြည်သူကနေ အခြေခံရတယ်။ သူတို့တင်လိုက်တယ်။ အဲ့ဒီကနေတဆင့် ဝန်ကြီးချုပ်ဖြစ်လာတယ်ပေါ့နော်။ အဲဒါ သူတို့တင်လို့ ဖြစ်လာတဲ့အတွက် သူတို့အတွက် ငါတို့အလုပ်လုပ်မယ်ဆိုတာကို သူတို့ကို သိစေချင်တယ်ပေါ့။ သူတို့ လိုချင်တဲ့ ဖြစ်စေချင်တဲ့အတိုင်းကို ပြောပါ။ ရဲရဲတင်းတင်းပြောပါ။ အားလုံးဖြစ်အောင် အားလုံးအောင်မြင်နိုင်အောင် လုပ်ပေးနိုင်မယ်လို့တော့ ပြောလို့မရဘူး။ သူတို့ပြောမှ ငါတို့ကသိမယ်လေ။ အခုထားပါတော့ အရပ်ဒေသတစ်ခုမှာ ဘာတွေလိုအပ်နေသလဲ အခုဆိုရင် ရေတွေ သောက်ရေတွေ ငပုတောမှာ လိုအပ်နေတယ်။ အဲ့လိုဖြစ်လာတဲ့အခါမှာ ငါတို့တစ်တွေ စီမံခန့်ခွဲပြီးတော့ မြောင်းမြမြို့နယ် ဘယ်လိုသွား၊ ဘယ်လိုသွား အကုန်လုံးကို ငါတို့ကိုယ်တိုင်လည်း ဆင်းမယ်။ အဲ့လိုစီမံပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပြည်သူတွေက ပြောမှ ငါတို့သိမယ်။ မပြောဘဲနဲ့ ငါတို့မသိဘူး။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည်သူတွေက ရင်းရင်းနှီးနှီးနဲ့ ငါတို့ကို လာတင်ပြကြပါ။ ပြောကြပါလို့ပဲ ပြောချင်ပါတယ်။

ပြီးပါပြီ။

အပိုင်း (၁) ဖတ်နိုင်ရန် - http://mizzimaburmese.com/article/14201

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly