မြောက်ကိုရီးယားက မှားယွင်းဖမ်းဆီးသွားသည့် ရုရှရွက်သင်္ဘောအား ပြန်လွှတ်ပေး

မြောက်ကိုရီးယားက မှားယွင်းဖမ်းဆီးသွားသည့် ရုရှရွက်သင်္ဘောအား ပြန်လွှတ်ပေး

မော်စကို၊ မေ ၁၅ ။          ။ မြောက်ကိုရီးယားက ဖမ်းဆီးထားသည့် ရုရှရွက်သင်္ဘောနှင့် သင်္ဘောသား ငါးဦးအား နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးကာ ခရီးစဉ်အား ဆက်လက်ခုတ်မောင်းခွင့် ပြုလိုက်ကြောင်း ရုရှမီဒီယာက မေ ၁၅ ရက်တွင် ဖောြ်ပသည်။

ရုရှရွက်သင်္ဘောသည် တောင်ကိုရီးယား ပူဆန်းဆိပ်ကမ်းမှ ရုရှအရှေ့ဖက်ကမ်းခြေ ဗလာဒီဗိုစတော့ခ်သို့ ခုတ်မောင်းလာစဉ် မြောက်ကိုးရီးယားကမ်းလွန် မိုင် ၈၀ တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ချွန်ဂျင်းရှိ ရုရှကောင်စစ်ဝန်ချုပ်က မြောက်ကိုရီးယားသည် ယင်းရွက်သင်္ဘောအား မှားယွင်းဖမ်းဆီးသွားခြင်းသာဖြစ်သည်ဟု ပြောကြောင်း RIA သတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယားငါးဖမ်းသင်္ဘောတစ်စင်းက ရုရှရွက်သင်္ဘောအား တောင်ကိုရီးယားသင်္ဘောအဖြစ် မှားယွင်းယူဆမိရာမှ ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း TASS သတင်းဌာနက ကောင်စစ်ဝန်ချုပ်အား ကိုးကား ဖော်ပြသည်။

မေ ၁၅ ရက် ဒေသစံတော်ချိန် ဆယ်နာရီတွင် ရွက်သင်္ဘောအား သင်္ဘောသားများနှင့်အတူ ပြန်လည်သွားခွင့်ပြုခဲ့ကြောင်း ကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly